စီးတီးအနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်ကြောင်း အိုင်ယာလက် လက်ရွေးစင် ဂစ်ဗင်းကဆို
အက်စ်တန်ဗီလာအသင်း၏ ဂိုးသမားသစ် ဖြစ်လာသော ရှေးဂစ်ဗင်းက ၎င်း၏ အသင်းဟောင်း မန်ချက်စတာ စီးတီးသည် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်မည်ဖြစ်ကြောင်း ကောက်ချက်ပြု ပြောဆိုလိုက်သည်။ စီးတီးအနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်ကြောင်း အိုင်ယာလက် လက်ရွေးစင် ဂစ်ဗင်းကဆိုသည်။ ဂစ်ဗင်းသည် ယခုနွေရာသီတွင် စီးတီးမှ ဗီလာသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က စီးတီး မန်နေဂျာ မာ့ခ်ဟုဂ်ျ ၀ယ်ယူခဲ့သဖြင့် နယူးကာဆယ်လ် ယူနိုက်တက်မှ စီးတီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း စီးတီး မန်နေဂျာသစ် ရောဘတ်တို မန်စီနီ လက်အောက်တွင်မူ နေရာမရသောကြောင့် ဗီလာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
အသက်(၃၅)နှစ်ရှိ ဂစ်ဗင်းက စီးတီး၏ ငွေကြေးအင်အား တောင့်တင်းမှုကြောင့် ပရီးမီးယားလိဂ်အပြင် ဥရောပ ချန်ပီယံလိဂ် ဆုဖလားကိုပင် ရယူနိုင်စွမ်း ရှိနေကြောင်း သုံးသပ်ခဲ့သည်။ "သူတို့ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ စီးတီးဟာ အောင်မြင်မှုတွေကို ရေကုန်ရေခမ်း လိုက်ရှာနေတဲ့ အသင်းပါ။ စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကိုရော၊ ဥရောပ ချန်ပီယံ လိဂ်ကိုပါ အောင်မြင်နိုင်တဲ့ အရည်အသွေးမျိုး ရှိလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟုလည်း ဂစ်ဗင်းက ပြောကြားသွားသည်။ ၎င်းက လက်ရှိတွင် ဗီလာအတွက် အပြည့်အ၀ အာရုံစိုက် ကြိုးစားသွားမည်ဟုလည်း ဂစ်ဗင်းက ဆိုသည်။ "ကျွန်တော် ဒီအသင်းအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်ပါတယ်။ ဗီလာဟာ ရည်ရွယ်ချက် ကြီးမားတဲ့ အသင်းတစ်ခုပါ။ ဒီကို ပြောင်းလာခွင့်ရတာ ကျွန်တော် ကျေနပ်မိပါတယ်"ဟု ၎င်းက ပြောဆိုသွားခဲ့သည်။
Source: Goal