Share |

မန်ချက်စတာ ယူနိုက်တက် အသင်းကို မိမိတို့ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ချယ်လ်ဆီး နောက်ခံလူ ဘရာနီ ဆလက်ဗ် အိုင်ဗန် နိုဗစ်က ပြောကြားလိုက်သည်။
တနင်္ဂနွေ နေ့တွင် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် ထိပ်သီးနှစ်သင်း ကစားမည့် ပွဲစဉ် မတိုင်မီ ဆာဘီးယား ခံစစ်မှူးက ပြိုင်ဘက် အသင်းအပေါ် စကားစစ် ထိုးမှု ပြုလုပ်လိုက်သည်။ ၎င်းက ပြီးခဲ့သည့် ရာသီက ချန်ပီယံ လိဂ်နှင့် ပရီးမီးယား လိဂ်တို့တွင် မန်ချက်စတာ ယူနိုက်တက်၏ နှစ်ထပ်ကွမ်း အနိုင် ယူခဲ့ခြင်းကို မမေ့သေး ကြောင်းလည်း ဆိုသည်။ အိုးလ်ထရက် ဖို့ဒ်တွင် ကစားမည့် ပွဲစဉ် အတွက် မိမိတို့သည် ကြောက်ရွံ့မှု မရှိဘဲ ရင်ဆိုင်သွားမည် ဟုလည်း အတွေ့အကြုံရင့် ခံစစ် သမားက ပြောကြားသွားသည်။ "တနင်္ဂနွေနေ့ ပွဲကတော့ ကျွန်တော်တို့ မန်နေဂျာ အတွက် ပထမဆုံး ကြုံရမယ့် ကြီးကြီးမားမား စမ်းသပ်မှု ကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့ အသင်း ဘယ်လောက်ထိ တိုးတက် လာသလဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ဖြစ်သလို ရလဒ်ကလည်း နှစ်သင်းလုံး အတွက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ အများကြီး ဖြစ်လာစေနိုင် ပါတယ်" ဟု အိုင်ဗန်နိုဗစ် ကဆိုသည်။
မန်ချက်စတာ ယူနိုက်တက်အား ကြောက်စရာ မလိုဟု ပြောကြားခဲ့သည့် နိုဗစ်
"ပြိုင်ဘက်ရဲ့ အင်အားကို ကျွန်တော်တို့ အလေးထား စဉ်းစား ရပါမယ်။ ချယ်လ်ဆီး ကစားသမား တွေဟာ ဖျက်ထုတ်မှုတိုင်း၊ ဘောလုံး ဖြန့်ဝေမှု တိုင်းကို (၁၀၀)ရာခိုင်နှုန်း အပြည့်အ၀ အာရုံစိုက်ပြီး ကစား သွားမှာပါ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီအစ တာထွက်ပုံက တကယ့်ကို ထူးထူးကဲကဲ ကောင်းမွန်နေတာ အမှန်ပါ။ ၀ိန်းရွန်နီက ပုံစံကောင်း ရနေသလို ဂိုးတွေလည်း သွင်းနေပါတယ်။ ကျွန်တော်တို့က သူ့ကို တားဆီးဖို့ အကောင်းဆုံး ကြိုးစား သွားပါ့မယ်။ သူတို့ အသင်းဟာ ဒီရာသီမှာ အများကြီး တိုးတက်လာတယ် ဆိုတာ လက်တွေ့ပါပဲ။ဒါပေမဲ့ ချယ်လ်ဆီးမှာလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်။ ဒါကို အိုးလ်ထရက် ဖို့ဒ်မှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သက်သေ ပြပါမယ်" ဟု အိုင်ဗန် နိုဗစ်က ပြောကြားခဲ့သည်။ ၎င်းက ချယ်လ်ဆီး အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မန်ချက်စတာ ယူနိုက်တက်အား (၁၅)မှတ် အကွာမှ အမီ လိုက်လာကာ ချန်ပီယံဆု အတွက် ခြိမ်းခြောက် နိုင်ခဲ့သည် ကိုလည်း အမှတ်တရ ရှိနေဆဲဟု ဆိုသည်။ ထိုစဉ်က မန်ချက်စတာ ယူနိုက်တက်သည် အိုးလ်ထရက် ဖို့ဒ်တွင် ဂျာဗီးယား ဟာနန်ဒက်ဇ်၊ နီမန်ဂျာ ဗီဒစ်တို့၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီး၏ ချန်ပီယံ မျှော်လင့်ချက်အား ရိုက်ချိုး ပစ်ခဲ့သည်။
"ပြီးခဲ့တဲ့ ရာသီကတော့ သိပ်ကို ခက်ခဲခဲ့ပါတယ်။ မနှစ်က အိုးလ်ထရက် ဖို့ဒ်ကို သွားကစား ရတာ မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ ဖိစီးမှုတွေ ရှိနေခဲ့တာပါ။ ခုချိန်မှာတော့ ချယ်လ်ဆီးဟာ အကောင်းဆုံး ဘောလုံး ကစားပုံနဲ့ ရလဒ်ကောင်း တစ်ခု ရယူဖို့ ရည်ရွယ် ထားပါတယ်။ ပွဲတိုင်းကို နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စားပါမယ်။ဒါပေမဲ့ သရေဆိုတာ ဆိုးရွားတဲ့ ရလဒ် တစ်ခုတော့ မဟုတ်ပါဘူး။ ချယ်လ်ဆီးဟာ အမှတ်ပေး ဇယား ထိပ်နားမှာ ရှိနေဖို့ အရေးကြီး ပါတယ်။ ထိပ်ဆုံး အသင်းတွေနဲ့ ကွာဟချက် အရမ်းကြီး မသွားအောင် ထိန်းထားရမှာပါ။ ပြီးခဲ့တဲ့ ရာသီက ရှုံးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ အတွက် ကျွန်တော်တို့မှာ တက်ကြွ ထက်သန်မှု တွေတော့ ရှိနေပါပြီ" ဟုလည်း ၎င်းက ဆက်လက်ပြောဆို သွားသည်။
၎င်းက ချန်ပီယံ လိဂ်တွင် ခြေစွမ်း ပြနိုင်သည့် ဖာနန်ဒို တောရက်စ် သည်လည်း အသင်းအတွက် မျှော်လင့်စရာ ဖြစ်လာပြီဟု သုံးသပ်ခဲ့သည်။ "အကောင်းဆုံး ဖန်တီးမှုတွေ သူလုပ်ပြခဲ့ ပါတယ်။ ဖာနန်ဒိုက ကစားပုံ ကောင်းသလို အရေးပါတဲ့ နိုင်ပွဲတစ်ခုမှာ အဓိကကျတဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင် တာကြောင့် သူ့ရဲ့ ယုံကြည်ချက် ပိုပြီးမြင့်မား လာမှာပါ။ ဒါဟာ ချယ်လ်ဆီး အတွက် ကောင်းမွန်တဲ့ လက္ခဏာပါ။ မာတာ ဂိုးသွင်းဖို့ သူက ဖန်တီး ပေးလိုက် ကတည်းက ဖာနန်ဒိုဟာ အသင်း အတွက်ပဲ အလေးထား စဉ်းစားတယ် ဆိုတာ ကျွန်တော်တို့ အားလုံး တွေးနေမိ ပါတယ်"ဟု အိုင်ဗန် နိုဗစ်က ပြောကြားသွားသည်။
--