BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, April 22, 2012

မြန်မာနိုင်ငံရဲ့ အကြွေး ၃.၇၂ ဘီလျံကို ဂျပန်နိုင်ငံက လျှော်ပစ်


မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ ၂၀၁၂ ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်တဲ့ ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထားပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ အစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဧပြီ ၂၀ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများ ပါဝင်ပြီး ဧပြီ ၂၁ ရက်နေ့၌ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြပြီးနောက် မဲခေါင်ဒေသနိုင်ငံ ငါးနိုင်ငံကို ဂျပန်နိုင်ငံက သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇.၄ ဘီလျံ အကူအညီများ ပေးဖို့ ဂတိပြုလိုက်ပါတယ်။ အဲဒီလို ပေးအပ်မှုနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဟိုရှီဟီကို နိုဒါက "မဲခေါင်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး မရှိရင် အရှေ့အာရှ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလည်း ဖြစ်နိုင်မှာ မဟုတ်ကြောင်း" အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ထိုသို့ ဂျပန်နိုင်ငံနဲ့ မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြကာ မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့လိုက်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဧပြီ ၂၂ ရက်နေ့တွင် တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီ (Tokyo Electric Power Co.) နဲ့ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး ကုမ္ပဏီ (Electric Power Development Co.) တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဓါတ်အားပေးစက်ရုံများကို သွားရောက် လည်ပတ်ရန် ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ဘလွန်းဘတ် သတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သီလ၀ါ၊ ကျောက်ဖြူနဲ့ ထားဝယ်ဆိပ်ကမ်း စီမံကိန်းများတွင် ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ရန် လိုလားနေသလို ဒေါ်လာ ၈.၆ ဘီလျံတန်ဖိုးရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ကိုင်နေတဲ့ အီတာလျံ ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်။ ဂျပန်နိုင်ငံက ပေးအပ်မယ့် အကူအညီများတွင် ပြည်သူလူထုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးနဲ့ လူမှုအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့ရန် အခြေခံ အဆောက်အဦနဲ့ စနစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ပါတယ်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာကိစ္စများ၊ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်စေရေးနဲ့ နှစ်ဦးနှစ်ဘက် ကုန်သွယ်မှု အရှိန်အဟုန် တိုးမြှင့်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ဆိုင်ရာ လေ့လာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ နီပွန် ထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု အာမခံဌာနရဲ့ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မှုကိစ္စများ ဆက်သွယ်ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသလို သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် သဘောတူ စာချုပ် ချုပ်ဆိုမှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြပါတယ်။
  ကိုးကား http://news.yahoo.com/japan-pledges-7-4-billion-mekong-development-113939440--finance.html
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒရော့ဘာရဲ့ဂိုးနဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ ချေမှုန်းလိုက်တဲ့ ချယ်ဆီး

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးနဲ့ ဘာစီလိုနာတိုရဲ့ ပထမအကျော့မှာ ချယ်ဆီးအသင်းက ဒရော့ဘာရဲ့ ဂိုးနဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာအနိုင်ယူပြီး ကမ္ဘာ့ဘောလုံးပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။

အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဒရော့ဘာ (ဓာတ်ပုံ - cp24.com)
ရာသီအစမှာ ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့တဲ့ ချယ်ဆီး အသင်းဟာ လက်ရှိ ယာယီကိုင်နေတဲ့ နည်းပြသစ် ဒီမက်တီယို လက်ထက်မှာ တဟုန်ထိုး ခြေစွမ်းပြန်တက်လာပြီး အခုလို နာမည်ကြီး ဘာစီလိုနာကို ပထမအကျော့မှာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းမှာ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ ကိုးလ်၊ ရာမီရက်စ်၊ လမ်းပတ်၊ မီကယ်၊ မီရာလက်စ်၊ မာတာ၊ ဒရော့ဘာတို့နဲ့ ပွဲထွက်လာပြီး တောရက်စ်ဟာ အရန်ခုံမှာ ဘော့စင်ဝါ၊ ကာလူး၊ အက်ဆီယန်၊ မာလူဒါ၊ စတာရစ်ဂ်ျ တို့နဲ့ အတူပါဝင်လာပါတယ်။
နည်းပြ ဂါဒီယိုလာကတော့ ဘာစီလိုနာ အသင်းကို (ဂိုး) ဗယ်ဒက်စ်၊ အဲယ်ဗက်စ်၊ ပူယိုလ်၊ မာရှေရာနို၊ အက်ဒရီယာနို၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ ဘက်စကွက်၊အင်နီယေစတာ၊ မက်ဆီနဲ့ ဆန်းချက်စ်တို့ အတွဲနဲ့ ပွဲထွက်လာပါတယ်။
ပထမပိုင်းအစမှာ ဘာစီလိုနာအသင်းက အေးအေးဆေးဆေး ဘောလုံးကိုင်ကစားပြီး ထိုးဖောက်ကစားရာမှာ ဆန်းချက်စ် ဂိုးသမားကို ကျော်ပြီး ကန်တဲ့အလုံးက တိုင်ထိပြီး ပြန်ထွက်လာသလို၊ မက်ဆီ တကိုယ်တော်ပြေးဆွဲလာပြီး ဖြူးပေးလိုက်တဲ့ ဘောလုံးကို ဖာဘရီဂက်စ် ကန်တာ ဂိုးစည်းမကျော်ခင် အက်ရှလေကိုးလ် ကဖျက်ထုတ်တာကြောင့် ပထမ ၁၅ မိနစ်အတွင်းမှာတင် ဘာစီလိုနာ အသင်း ၂ ဂိုး ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ ကွင်းလယ်မှာ အကောင်းဆုံး ခံစစ်အနေနဲ့ ကစားသွားပြီး ဘောလုံးရရင် တန်ပြန်တိုက်စစ်နဲ့  ဒရော့ဘာ တဦးတည်းကို အထောင်ထားပြီး တိုက်စစ်ဆင် ကစားသွားတာကိုလည်း ဘာစီလိုနာ နောက်တန်းတွေ မနည်းဖျက်ထုတ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လမ်းပတ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရာမီရက်စ် ပြေးပြီး ပြေးလမ်းကြောင်းထဲ ချပေးလိုက်တဲ့ဘောလုံးကို ဒရော့ဘာက အမှားအယွင်းမရှိ ကန်သွင်းသွားတာကြောင့် ချယ်ဆီးအသင်း ဦးဆောင်ဂိုး စတင်ရရှိသွားပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာစီလိုနာ အသင်းက ဇာဗီ၊ ဖာဘရီဂက်စ်၊ ဆန်းချက်စ် တို့ကိုထုတ်ပြီး ကူအန်ကာ၊ ပက်ဒရို၊ သီယာဂို တို့ကိုထည့်ပြီး တိုက်စစ်ပိုမြှင့်ခဲ့သလို ချယ်ဆီးအသင်းကလည်း မာတာ၊ ရာမီရက်စ်တို့အစား ကာလူး၊ ဘော့စင်ဝါ တို့ကိုထည့်ကစားပြီး ချေပဂိုး ပြန်မပေးရရေး ပိတ်ကစားသွားပါတယ်။
ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီဟာ ချယ်ဆီး နောက်တန်းကို တကိုယ်တော် ကျော်ဖြတ်ပြေးမှုတွေ လုပ်ခဲ့ပေမယ့်  ဘာကာ ရှေ့တန်းကစားသမားတွေ လှုပ်မရတာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ စတမ်းဖို့ဒ်ဘရစ်ဂ်ျ မှာ ဘာစီလိုနာအသင်း အရှုံးပေးလိုက်ရပါတယ်။
ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ဒီမက်တီယိုက  "ကျနော်တို့အတွက် အလွန်ကောင်းတဲ့ရလဒ်ပါ။ ဘာစီလိုနာလို အသင်းနဲ့ ကစားရင် နောက်တန်းခိုင်မာအောင် ပြုလုပ်ဖို့ လိုပါတယ်။ သူတို့ဟာ ဘောလုံးကိုင်ကစားတာ တအားကောင်းပြီး တတ်နိုင်သမျှ သူတို့ရဲ့ထိုးဖောက်မှုကို ဟန့်တားပြီး အကယ်၍ ကျနော်တို့ တိုက်စစ်ဆင်တဲ့အခါလည်း အခွင့်အရေး တခါဆိုတခါ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ဒရော့ဘာရဲ့ ဂိုးဟာ ကျနော်တို့အတွက် အရေးပါသလို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း တအားကောင်းခဲ့ပါတယ်။ အခု အခွင့်အရေးက ၅၀-၅၀ ရှိတုန်းပါပဲ။ ဒုတိယအကျော့မှာ ကျနော်တို့ ဘာစီလိုနာကွင်း နူးကမ့်မှာ သွားကန်ရင် ဒီ့ထက်ပို ကြိုးစားရဦးမှာပါ" ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်တွေကို လာမယ့် တပတ်မှာ ပြန်လည်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များ
ဧပြီ ၂၄ – ဘာစီလိုနာ vs ချယ်ဆီး
ဧပြီ ၂၅ – ရီးယဲမက်ဒရစ် vs ဘိုင်ယန်မြူးနစ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်ဆီးအသင်း နည်းပြ ဘိုးအာရှ့်ကို ထုတ်ပယ်

ယခု ရာသီအစတွင် စတင်ပြီး ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ရန် ရောက်လာတဲ့ အသက် ၃၄ သာရှိသေးသူ လူငယ်နည်းပြ  အန်ဒရေ ဗီလာစ်-ဘိုအာရှ့်ကို ချယ်ဆီးအသင်းကထုတ်ပယ် လိုက်ပါတယ်။ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၀က်စ်ဘရွန်း အသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက ရလဒ်ဆိုးတွေကြောင့် ဖိအားတွေဝင်နေတဲ့ ဘိုအာရှ့်ကို ယခုလို ချက်ချင် ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးမှ ထုတ်ပယ်ခံရသည့် လူငယ်နည်းပြ အန်ဒရေ ဗီလာစ် ဘိုအာ့ရှ် (ဓာတ်ပုံ - football.co.uk)
၂၀၁၁ ဇွန်လမှစတင်ပြီး ကိုင်တွယ်ခွင့်ရခဲ့တဲ့ ဘိုးအာရှ့်အစား  ယခင်ချယ်လ်ဆီး ကွယ်လယ်လူ၊ ယခုလက်ရှိ လက်ထောက်နည်းပြ ဒီမက်တီယိုက ယာယီ နည်းပြအဖစ် ခေတ္တ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ "အကြောင်းမလှစွာဖြင့် အသင်းဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မရှိသလို၊ ယခုလို အရေးကြီးတဲ့ကာလမှာလည်း တိုးတက်ဖို့ အလားအလာ မရှိတော့တဲ့အတွက် ဒီလို ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်နဲ့  အက်ဖ်အေ ဖလားတွေမှာ တကယ်အရေးကြီးတဲ့ အချိန်ရောက်နေတာဖြစ်သလို ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ တိုက်ပွဲဝင်နေရတာကြောင့် အခုလို ရလဒ်တွေ ဆိုးရွားနေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲမှုလိုအပ်နေလို့ ယခုလို ဘိုးအာရှ့်ကို ထုတ်ပယ်လိုက်ရခြင်း ဖြစ်ပါတယ်" ဆိုပြီး သတင်းထုတ်ပြန်သွားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရုရှား ဘီလျံနာသူဌေးကြီး အဗရာမိုဗစ်က ၂၀၀၃ မှာ စတင်ဝယ်ယူပြီးကတည်းက ပရီးမီးယားလိဂ်ဖလား ၃ ခု၊ အက်ဖ်အေ ဖလား ၃ ခုနဲ့ ကာလင်း ဖလား ၂ ခု ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၁၀ တုန်းက နည်းပြဟောင်း အန်ချလော့တီရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ ဖလား ၂ ခု တပြိုင်နက်တည်း ဆွတ်ခူးပြီးချိန်ကစပြီး ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုဟာ အကျပိုင်းသို့ ရောက်လာခဲ့ပါတယ်။ နည်းပြတွေကို ထုတ်ပယ်ဖို့ လက်မတွန် သူလို့ နာမည်ကြီးတဲ့ အဗရာမိုဗစ်ဟာ သူရဲ့လက်ထက်မှာ ၇ ယောက် မြောက်နည်းပြဖြစ်တဲ့  ဘိုးအာရှ့်ကို ထုတ်ပယ်ရာမှာ စာချုပ်ပါအတိုင်း ပေါင် ၁၂ သန်း ပေးရမှာဖြစ်ပါတယ်။
ယခုလက်ရှိ အချိန်မှာတော့ နည်းပြအသစ် မခန့်မီအချိန်အထိ ဘိုးအာရှ့်ခေါ်ယူခဲ့တဲ့ ဒီမက်တီယိုက ယာယီ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဘိုးအာရှ့်နေရာ ဆက်ခံဖို့ ယခုရေပန်းစားနေတဲ့ နည်းပြတွေကတော့ လစ်ဗာပူး နည်းပြဟောင်း ဘန်နီတက်စ်နဲ့  အင်္ဂလန် နည်းပြရာထူးမှ ပူပူနွေးနွေး နုတ်ထွက်သွားတဲ့ ကာပယ်လိုတို့ကို့ မီဒီယာတွေက တစ်ပေးနေကြပါတယ်။
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ရဲ့ လက်အောက်မှာ တာဝန်ယူခဲ့တဲ့ မန်နေဂျာ ၇ ယောက်
၁။ ရာနေရာနီ  – (စက်တင်ဘာ ၂၀၀၀ – မေ ၂၀၀၄)
၂။ မော်ရင်ညို – (ဇွန် ၂၀၀၄ – စက်တင်ဘာ ၂၀၀၇)
၃။ ဂရန့် – (စက်တင်ဘာ ၂၀၀၇ – မေ ၂၀၀၈)
၎။ စကောလာရီ – (ဇူလိုင် ၂၀၀၈ – ဖေဖော်ဝါရီ ၂၀၀၉)
၅။ ဟစ်ဒင့် – (ဖေဖော်ဝါရီ ၂၀၀၉ – မေ ၂၀၀၉)
၆။ အန်ချလော့တီ – (ဇွန် ၂၀၀၉ – မေ ၂၀၁၁)
၇။ ဘိုးအာရှ့် – (ဇွန် ၂၀၁၁ – မတ် ၂၀၁၂)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed