BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 6, 2011

အလိုအလျောက် ငွေထုတ်စက် ရှစ်နှစ်အကြာ တစ်ကျော့ပြန် အသုံးပြု

မြန်မာနိုင်ငံတွင် ရှစ်နှစ်ခန့်အကြာ အသုံးပြုခွင့် ရပ်နားထားခဲ့သည့် အလိုအလျောက် ငွေထုတ်စက် (ATM) နှင့် ကတ်စနစ်များကို နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စတင်အသုံးပြုခွင့် ပေးလိုက်သဖြင့် လသာမြို့နယ်ရှိ သမဝါယမဘဏ် ရုံးချုပ်၌ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ယင်းဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
ယင်းကတ် အသုံးပြုလိုပါက ကတ်တန်ဖိုးအတွက် ၁၅၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၃၀၀၀ ကျပ် ပေးသွင်းရန် လိုအပ်သော်လည်း ပထမဦးဆုံး ပြုလုပ်သော ကတ်တစ်ထောင်အတွက် အခကြေးငွေ ကင်း လွတ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ ကတ်တွင်း ထည့်သွင်း နိုင်သည့် ငွေကြေး ပမာဏကို ကန့်သတ် မထားဘဲ စတင်ချိန်တွင် အနည်းဆုံး ကျပ်ငွေ တစ်ထောင်ဖြင့် စာရင်းဖွင့် နိုင်ပြီး တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းအထိ အများဆုံး ထုတ်ယူနိုင်ကြောင်း ယင်း ATM ကတ်ဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။
နိုင်ငံတကာ ATM ကတ်များ၏ လုပ်ဆောင်ချက်များမှာ ငွေစုစာရင်းများ၊ စာရင်းရှင် အပ်ငွေစာရင်းများ၊ စာရင်းသေ အပ်ငွေ စာရင်းများနှင့် ချိတ်ဆက် ထားသဖြင့် ယင်းကတ်ဖြင့် ဈေးဝယ်ခြင်း၊ မီတာဆောင်ခြင်း၊ ငွေထုတ်ခြင်း စသည်ဖြင့် အသုံးပြုနိုင်သော်လည်း ယခုစနစ်မှာ ဘဏ်ကတ်တွင် ရှိသည့်ငွေကို ပြန်လည် ထုတ်ယူသည့် ဝန်ဆောင်မှုသာ ရရှိသေးကြောင်း ဦးဖေမြင့်က ဆိုသည်။ #" အခုက အမြန်လုပ်ရတာ၊ နောက် တစ်နှစ်လောက်နေမှ အဲလို လုပ်ပေးနိုင်မယ် " ဟု ၎င်းက ပြောဆိုသည်။
လတ်တလောတွင် ယခင်ငွေစာရင်း ဖွင့်ထားပြီးသူများမှာ ယင်းဘဏ်ကတ်တွင် ငွေဖြည့်ရန် ဘဏ်သို့ လူကိုယ်တိုင် မလာနိုင်လျှင် စာပို့ကာ ၎င်းတို့ ငွေစာရင်းမှ ဘဏ်စာရင်းသို့ လွှဲပြောင်းနိုင်သည်ဟု ၎င်းက ပြောဆိုသည်။
တစ်နိုင်ငံလုံးရှိ ၎င်းတို့ ဘဏ်ခွဲ များတွင် ယခုလ ၂၁ ရက်နေ့ နောက်ပိုင်း၌ တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် GRG တံဆိပ်နှင့် အခြားနိုင်ငံထုတ် ATM စက်များနှင့် အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိပြီး ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ တော်ဝင် စင်တာတွင်လည်း ATM စက် ထားရှိရန် စီစဉ်နေကြောင်း ဦးဖေမြင့်က ဆိုသည်။
" ခေတ်သစ်ဘဏ်စနစ်ရဲ့ အစတစ်ခုပဲ " ဟု စင်ကာပူဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် တစ်ဦးက ယင်းဘဏ် ATM ကတ်အတွက် လာရောက် စာရင်းဖွင့်စဉ်က မှတ်ချက်ပြု ပြောကြားသည်။
အဆိုပါ ATM ကတ်စနစ်ကို ယင်းနေ့တွင်ပင် အသုံးပြုခွင့် ပေးသဖြင့် သမဝါယမဘဏ်က ချက်ချင်း အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး ကမ္ဘောဇ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြဝတီဘဏ်နှင့် ဧရာဝတီ ဘဏ်တို့က ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုဦးက ပြောကြားသည်။ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ၎င်းတို့ ATM ကတ်စနစ်တွင် အပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ရန် စီစဉ်မည် ဖြစ်ပြီး Standing Instruction အနေဖြင့် လက်မှတ်ထိုး ပေးထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ " မသုံးတာ ကြာတော့ ပြန်ပြီး စမ်းသပ်သုံးချင်လို့။ ဒါပေမဲ့ အရင်က (ATM) စက်တွေက အပြင်မှာဆိုတော့ စနေ၊ တနင်္ဂနွေတွေ အဆင်ပြေတယ်။ အခုက ဘဏ်ထဲမှာ ဆိုတော့ သိပ်ပြီး အသုံးမဝင်ဘူး" ဟု ယခင်က မေဖလားဝါး ဘဏ်ကတ် အသုံးပြုခဲ့ဖူးပြီး ယခု သမဝါယမဘဏ်တွင် ATM ကတ် အသုံးပြုနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။ #ထိုင်းနိုင်ငံတွင် ATM ဖြင့် အသုံးပြုရန် ကတ်ပြုလုပ်မည် ဆိုပါက ဘတ် ၅၀၀ (မြန်မာငွေ ကျပ် ၁၅,၀၀၀ ခန့်) ပေးသွင်းရပြီး ဘတ် ၂၀၀ ကို ကတ်တန်ဖိုး အဖြစ် နုတ်ယူကာ နှစ်စဉ်ကြေး ပေးဆောင်ရန် မလိုကြောင်း ချင်းမိုင် မြို့တော်တွင် ပညာသင်ယူနေသော မြန်မာကျောင်းသား တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ၌ ATM ကတ်စနစ် အစောဆုံး အသုံးပြုခဲ့သည့် နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့ပြီး မြန်မာမေဖလားဝါးဘဏ် တစ်ခုတည်းက ၁၉၉၅ ခုနှစ်ပိုင်းတွင် အသုံးပြုခွင့် ရခဲ့ပြီးနောက် ၂၀၀၃ ခုနှစ် မြန်မာဘဏ် အကျပ်အတည်း ဖြစ်ပွားချိန်တွင် ရပ်ဆိုင်းခဲ့သည်။
ဘဏ်ငွေထုတ်ကတ် (Debit Card) စနစ်နှင့် အကြွေးဝယ်ကတ် (Credit Card) စနစ်များကိုလည်း မြန်မာ မေဖလားဝါး ဘဏ်၊ အာရှဓနဘဏ်တို့က တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ၂၀၀၃ တွင် ရပ်ဆိုင်းခဲ့ရကြောင်း၊ ယခု ဘဏ်ကတ်စနစ်များ ပြန်လည် ခွင့်ပြုလာသော်လည်း Credit Card စနစ်မှာ ခွင့်ပြုဖွယ် မရှိသေးကြောင်း သက်ဆိုင်ရာ ဘဏ် အသီးသီးမှ တာဝန်ရှိသူများက ပြောကြားသည်။
အာဆီယံ နိုင်ငံများအနက် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံတစ်ခု ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံတွင်မူ ၂၀၀၅ ခုနှစ်အထိ ATM စက် မရှိသေးသော်လည်း ယခုနှစ်ပိုင်းတွင် ATM စက်ပေါင်း ရှစ်သောင်းခန့် သုံးနေပြီ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒီဖိုးအား ပေါင် (၈) သန်းဖြင့် ခေါ်ယူမည့် ကျူပီအာ

စပါးစ် တိုက်စစ်မှူး ဒီဖိုးအား ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ပေါင် (၈) သန်းဖြင့် ခေါ်ယူရန် ကျူပီအာ အသင်းမှ ပစ်မှတ်ထား နေကြောင်း Daily Mail သတင်းစာမှ ဖော်ပြချက် အရ သိရှိရသည်။ ကျူပီအာ အသင်းမှာ အဆင့်မှီ တိုက်စစ်မှူး မရှိသောကြောင့် နည်းပြ ၀ါနော့ခ် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေပြီး အသင်းမှ ယခုလို တိုက်စစ် ကစားသမား ခေါ်ယူခွင့် ပြုခဲ့ခြင်းလည်း ဖြစ်သည်။အဒီဘာယော ရောက်ရှိလာပြီးနောက် ပုံမှန် ပွဲထွက်ခွင့် မရရှိတော့သည့် ပေါင် (၈) သန်းတန် စပါးစ် တိုက်စစ်မှူး ဒီဖိုးကို ခေါ်ယူရန် ၀ါနော့ခ်မှ အဓိက ပစ်မှတ်ထားနေကြောင်း အထက်ပါ သတင်းစာမှ ဖော်ပြခဲ့သည်။ဒီဖိုးကလည်း ရွန်းနီ ပွဲပယ် ပြစ်ဒဏ်ထိထားသည့် အင်္ဂလန် အသင်း၏ ယူရို-၂၀၁၂ လူစာရင်းတွင် ပါဝင်ခွင့် ရရှိရန် အတွက် ပုံမှန် ပွဲထွက် ကစားခွင့် ရရန် လိုအပ်နေသောကြောင့် ၀ါနော့ခ်က အဆိုပါ မက်လုံးဖြင့် အင်္ဂလန် တိုက်စစ်မှူးအား ခေါ်ယူနိုင်ရန် ကြိုးစားဖွယ် ရှိနေသည်။
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အင်္ဂလန် လက်ရွေးစင် အတွက် ကစားပေး နိုင်မည်ဟု ဘက်ဟမ်း ယုံကြည်နေဆဲ

Share |
မိမိသည် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကစားပေးနိုင်ရန် အခွင့်အလမ်း ရှိနေဆဲဟု တွေးတော နေမိဆဲ ဖြစ်ကြောင်း ဒေးဗစ် ဘက်ဟမ်းက ဖွင့်ဟ ပြောကြားလိုက်သည်။

အသက် (၃၆)နှစ်ရှိ အင်္ဂလန် အသင်းခေါင်းဆောင် ဟောင်းသည် လက်ရွေးစင် အသင်းနှင့် ကင်းကွာနေပြီ ဖြစ်သော်လည်း အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လို၏ လူစာရင်းတွင် တစ်ကျော့ပြန် ပါဝင်ခွင့်ရရန် စိတ်ကူးယဉ် နေမိဆဲဟု ၀န်ခံခဲ့သည်။ လက်ရှိတွင်မူ ကာပယ်လိုသည် အင်္ဂလန်ကို တက်ကြွ ထက်သန်သော လူငယ် အင်အားစု တစ်ခုဖြင့် အသက်သွင်းရန် ကြံစည်လျက်ရှိသည်။ သို့သော်လည်း ဘက်ဟမ်းက “ကျွန်တော် ခုထိ ကောင်းကောင်း ကစားနိုင် သေးတာပဲ။ နောက်ပြီး ကျွန်တော် လက်ရွေးစင် ကစားသမား ဘ၀က အနားမယူ သေးဘူးလေ။ ကျွန်တော့် အင်္ဂလန် ကစားသမား ဘ၀ ပြီးသွားပြီလို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။

အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီတွင် ကစားနေသော ဘက်ဟမ်းက “တကယ်လို့ အင်္ဂလန်မှာ အဓိက ကစားသမား တစ်ယောက်ယောက် ဒဏ်ရာရတာ၊ မကစား နိုင်တာမျိုး ရှိခဲ့ရင် ကျွန်တော့်ကို လိုအပ်ချင် လိုအပ် လာပါလိမ့်မယ်။ နိုင်ငံအသင်း အတွက် ကိုယ်စားပြုဖို့ ကျွန်တော့် ဘက်ကတော့ အမြဲတမ်း အသင့် ရှိနေမှာပါ” ဟု ဘက်ဟမ်းက ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် နိုဝင်ဘာလတွင် ဂလက်စီမှ ထွက်ခွာဖွယ် ရှိနေပြီး ၎င်းကို ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းက ချိတ်ဆက်လျက် ရှိသည်။

Mirror နှင့် အင်တာဗျူးတွင် မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ် မက်ဒရစ်နှင့် အေစီမီလန် ကစားသမား ဟောင်းက “ကျွန်တော် အင်္ဂလန် အတွက် နောက်ထပ် ကစားပေး ချင်ပါတယ်။ အဲဒီလို ဖြစ်လာနိုင်တယ် လို့လည်း ယုံကြည် ထားပါတယ်” ဟု အခိုင်အမာ ပြောကြားသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရွန်နီအတွက် UEFAထံ အသနား ခံစာ တင်သွင်း လိုက်ပြီဟု FA အတည်ပြု

Share |
အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)က ၀ိန်းရွန်နီ၏ ပွဲပယ် ပြစ်ဒဏ်ကို လျှော့ချပေးရန် အတွက် ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)ထံ အသနား ခံစာ တင်သွင်း လိုက်ပြီဟု အတည်ပြု ကြေညာခဲ့သည်။

FA အနေနှင့် ဥရောပ ဖလား ပြိုင်ပွဲတွင် ရွန်နီ အနေနှင့် (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရမှုကို UEFA က လျှော့ချပေးရန် မျှော်လင့်နေသည်။ FA ၏ ရှေ့နေ အဖွဲ့သည် ရွန်နီ၏ အနီကတ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက် မှတ်တမ်းများကို လက်ခံ ရရှိပြီးနောက် ယင်းအချက်အလက်များ အပေါ် အခြေခံကာ အသနားခံစာ ပြန်လည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ရွန်နီသည် မွန်တီနီ ဂရိုးနှင့် ကစားသည့် ဥရောပ ဖလား ခြေစစ်ပွဲတွင် ပြိုင်ဘက် ကစားသမားကို နောက်မှ ရည်ရွယ်ချက် ရှိရှိ ကန်ခဲ့ခြင်းကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့သလို (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

ယင်းပွဲပယ် ပြစ်ဒဏ်ကို FA က ယခုအခါ လျှော့ချနိုင်ရန် မျှော်လင့်နေပြီး ရွန်နီအား အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လိုက လူစာရင်းတွင် ရွေးချယ် သွားပါက အုပ်စုပွဲစဉ် (၁)ပွဲစာမျှတွင် ထည့်သွင်း အသုံး ပြုနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ FA အနေနှင့် ယခု ကိစ္စတွင် ပါဝင် ပတ်သက်သည့် မွန်တီနီဂရိုး လက်ရွေးစင် ဇူဒိုဗစ်၏ UEFA ထံ ကိုယ်တိုင် မေတ္တာ ရပ်ခံမှု အတွက်လည်း ရွန်နီ၏ ပြစ်ဒဏ် လျှော့ပေါ့နိုင်ရေး ပိုမို မျှော်လင့်ခွင့် ရလာခဲ့သည်။ ဇူဒိုဗစ်သည် UEFA ထံသို့ ကိုယ်တိုင် စာရေးကာ ရွန်နီ၏ (၃)ပွဲပယ် ပြစ်ဒဏ်ကို သက်ညှာ လျှော့ပေါ့ ပေးပါရန် ပန်ကြား ထားခဲ့ကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အောက်တိုဘာလ အကောင်းဆုံး ဆုများကို ဗန်ပါစီနှင့် မန်စီနီတို့ ရရှိ

Share |
အောက်တိုဘာလ အတွက် ဘာကလေ ပရီးမီးယားလိဂ် အကောင်းဆုံး ဆုများကို ချီးမြှင့်ခဲ့ရာ ခြေစွမ်း ပြနေသည့် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက အကောင်းဆုံး ကစားသမားဆု၊ နိုင်ပွဲ ဆက်နေသော မန်နေဂျာ ရောဘတ်တို မန်စီနီက အကောင်းဆုံး မန်နေဂျာ ဆုများ အသီးသီး ရရှိသွားသည်။

အာဆင်နယ် အသင်း၏ နယ်သာလန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့်သည် ချယ်လ်ဆီးအား Hat-Trick သွင်းခဲ့သည့် ပွဲစဉ် အပါအ၀င် အောက်တိုဘာလ အတွင်း (၇)ဂိုး သွင်းနိုင်ခဲ့သည်။ အာဆင်နယ် အသင်း ခေါင်းဆောင်၏ ခြေစွမ်းပုံမှန် ရနေခြင်းသည် ရာသီ အစက ရလဒ် ဆိုးခဲ့သည့် လန်ဒန်ကလပ် အသင်းအတွက် စိတ်ဓာတ်ရေးရာ အရ အကောင်းဆုံး မြှင့်တင်နိုင်မှု တစ်ခုလည်း ဖြစ်လာသည်။ အာဆင်နယ်သည် အဝေးကွင်းတွင် မန်ချက်စတာ ယူနိုက်တက်အား (၈-၂)ဖြင့် ရှုံးခဲ့သဖြင့် ဖိအားများ ၀င်ခဲ့ဖူးသော်လည်း ဗန်ပါစီ၏ ဦးဆောင်မှုဖြင့် ချယ်လ်ဆီးကို အဝေးကွင်းတွင် (၅-၃)ဖြင့် အနိုင် ရခဲ့ရာ စိတ်ဓာတ်ပိုင်း အရ အမြင့်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။ ဗန်ပါစီသည် တစ်လတာ အကောင်းဆုံး ဘောလုံးသမား ဆုအပြင် ပရီးမီးယားလိဂ် ယခုရာသီ ပထမဆုံး သွင်းဂိုး (၁၀)ဂိုးပြည့်သည့် အမှတ်တရ ဆုကိုလည်း လက်ခံ ရယူနိုင်ခဲ့သည်။
အကောင်းဆုံး ကစားသမားဆု ရရှိသွားသည့် ဗန်ပါစီ

မန်ချက်စတာ စီးတီး အသင်း၏ အီတလီသား မန်နေဂျာကြီး မန်စီနီမှာမူ ၎င်း၏ အသင်းကို အကောင်းဆုံး ဦးဆောင်ကာ အမှတ်ပေး ဇယား ထိပ်ဆုံးတွင် (၅)မှတ်ဖြတ်ပြီး ရပ်တည် နေစေသဖြင့် ယခုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ မန်စီနီသည် အိုးလ်ထရက်ဖို့ဒ်တွင် မန်စီးတီးက လက်ရှိ အင်္ဂလန် ချန်ပီယံ မန်ယူကို ဂိုးဒါဇင်ဝက် သွင်းကာ ချေမှုန်းခဲ့သော ပွဲစဉ်တွင် အဓိက ကြိုးကိုင် စီမံသူ တစ်ဦးလည်း ဖြစ်လာသည်။ ယခု ရာသီတွင် မန်စီးတီးသည် ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်ရန် ရေပန်း အစားဆုံး အသင်းတစ်သင်း အဖြစ် အသိအမှတ်ပြု ခံလာရာပြီး (၁၀)ပွဲ ကစားပြီးချိန်တွင် (၉)ပွဲ အနိုင်ရကာ ရှုံးပွဲမရှိ ချီတက်နေဆဲ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝက်စ်ဘရောင်း လက်ဆောင်ဂိုးနှင့် အနိုင်ရသည့် မန်ယူ ~ မန်ယူ ၁ - ၀ ဆန်းဒါးလန်း

Share |
မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ငွေရတု အထိမ်းအမှတ် အတွက် မန်ယူ တစ်သင်းလုံး ကြိုးစားကစား ခဲ့သော်လည်း ခြေစွမ်းပိုင်းအရ အကောင်းဆုံး ရှိမနေခဲ့ဘဲ ပြိုင်ဘက် နောက်ခံလူ ၀က်စ်ဘရောင်း၏ Own Goal ဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူတွင် ရွန်နီ ကွင်းလယ်ဆင်းကာ ဖလက်ချာနှင့် တွဲဖက်ကစားပြီး ပါ့ခ်က ဘယ်တောင်ပံ ထွက်ကစားခဲ့သည်။ ရှေ့တွင် ဟာနန်ဒက်ဇ်နှင့် ၀ဲလ်ဘက်တို့ အတွဲ ပါဝင်လာပြီး နောက်တန်းတွင် ဖာဒီနန် ပြန်လည် ပါဝင်လာပြီး အသင်းခေါင်းဆောင် ဗီဒစ်နှင့် တွဲကစားခဲ့သည်။ ဂျုံးစ်မှာမူ နောက်တန်း ညာအစွန် ထွက်ပြီး နာနီနှင့် ချိတ်ကစားခဲ့သည်။ ဆန်းဒါးလန်း တွင်မူ လာဆင်၊ ဆက်ဆက်နွန်တို့ ပါဝင်ခဲ့ပြီး ရှေ့တွင် ဘန်တနာနှင့် ၀စ်ဟမ်းတို့ ပွဲထွက်လာသည်။ နောက်တန်းတွင်မူ မန်ယူ ကစားသမားဟောင်း (၃)ဦးအဖြစ် ဘရောင်း၊ ရစ်ချတ်ဆင်နှင့် ဘက်စလေတို့ ပါဝင် ကစားခဲ့သည်။

ပထမပိုင်းတွင် မန်ယူ ကစားကွက် တည်မရဘဲ ပွဲချိန် မိနစ်(၂၀)ကျော်မျှထိ ဆန်းဒါးလန်းက အသာရခဲ့သည်။ မန်ယူ အရန်ဂိုးသမား လင်ဒီဂတ်သည် ဂိုးပေါက်နား ၀ဲနေသည့် ဘောလုံးများ အတွက် ဖိအားများ ခံစားခဲ့ရသည်။ အထူးသဖြင့် လာဆင်၊ ဘန်တနာနှင့် တောင်ကိုရီးယား တိုက်စစ်မှူး ဂျီတို့က မန်ယူဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာ သဖြင့်သာ ချန်ပီယံတို့ စောစောစီးစီး ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မူ မန်ယူ ကစားကွက် ပိုမို အချိတ်အဆက် မိလာခဲ့ပြီး ဆန်းဒါးလန်းကို ပြန်လည် ဖိအားပေး နိုင်ခဲ့သည်။ ရွန်နီသည် ကွင်းလယ်တွင် နေရာစုံ ဖြည့်ကစားပေးခဲ့သော်လည်း ဖလက်ချာ ခြေစွမ်းပျောက် နေခြင်းကြောင့် မန်ယူ ကွင်းလယ်အား ထင်သလောက် တက်မလာခဲ့ဘဲ ဖြစ်နေရသည်။

မန်ယူအတွက် တစ်လုံးတည်းသော ဂိုးကို ပထမပိုင်း ပြီးခါနီးတွင် ရရှိခဲ့သည်။ ညာခြမ်းမှ ထိုးဖောက်လာသည့် နာနီ၏ အမှတ်မထင် ကန်သွင်းချက်ကို ဂိုးသမား ၀က်စ်ဝုဒ် ပုတ်ထုတ်ရာ မန်ယူတို့ ထောင့်ကန်ဘော ရသည်။ ထိုထောင့်ကန်ဘောကို နာနီက ကန်တင် ပေးလိုက်ရာ ၀ဲလ်ဘက်၏ ၀င်ရောက် ဖိအားပေးမှုကြောင့် ဆန်းဒါးလန်း နောက်ခံလူ ဘရောင်း ကိုယ့်ဂိုးကိုယ် သွင်းမိသွားသည်။ ဘရောင်း အနေနှင့် အသင်းဟောင်း၏ တိုက်စစ်ကို တားဆီး ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့ သော်လည်း ယခုဖြစ်ရပ်ကြောင့် စိတ်ပျက်စရာ ကြုံခဲ့ရသည်။ ဒုတိယပိုင်းတွင် မန်ယူတို့ နောက်တစ်ဂိုးရရန် ကြိုးစားခဲ့သော်လည်း တောင်ပံဖြတ်တင်ဘောများ မတိကျဘဲ အလဟဿ ဖြစ်နေခြင်းကြောင့် မအောင်မြင်ခဲ့ပေ။ ဒုတိယပိုင်း ပြီးခါနီးတွင် ဆန်းဒါးလန်း တိုက်စစ်မှူး ဘန်တနာ ဦးဆောင်သော ထိုးစစ်ကြောင်းက မန်ယူထံမှ (၁)မှတ်ရယူရန် အင်တိုက်အားတိုက် ကြိုးပမ်းလာခဲ့ သော်လည်း အီဗရာ၊ ဗီဒစ်တို့၏ ရှင်းထုတ် နိုင်မှုများကြောင့် မန်ယူအသင်းပင် အိမ်ကွင်းတွင် ရလဒ် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရရှိ သွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပြိုင်ဘက်ကင်းသည့် မန်နေဂျာဟု ဖာဂူဆန်အား မော်ရင်ဟို ချီးကျူး


မန်ချက်စတာ ယူနိုက်တက် သမိုင်းတွင် ပြိုင်ဘက်ကင်းသော အထင်ရှား ဆုံးသော မန်နေဂျာ အဖြစ် ဆာအဲလက်စ် ဖာဂူဆန်အား ဟိုဆေး မော်ရင်ဟိုက ချီးကျူးလိုက်သည်။

မိမိကိုယ်ကိုယ် Special One ဟု ညွှန်းဆို ခဲ့ဖူးသည့် ရီးယဲလ် မက်ဒရစ် နည်းပြက  တစ်ချိန်က ပြိုင်ဘက် ဖြစ်ခဲ့သူ စကော့ သားကြီးအား Unique One ဟု တင်စား ဂုဏ်ပြုခဲ့သည်။ ချယ်လ်ဆီးနှင့် အင်တာမီလန် အသင်း များကိုလည်းတာဝန် ယူခဲ့ဖူးသော မော်ရင်ဟိုက ၎င်းသည် မန်ယူကို ကိုင်တွယ်မှု သက်တမ်း (၂၅)နှစ် ပြည့်မြောက်တော့မည့် ဖာဂူဆန်၏ ပရိသတ် တစ်ဦး ဖြစ်ကြောင်းလည်း ဆိုသည်။ ဖာဂူဆန်သည် တနင်္ဂနွေ နေ့တွင် အိုးလ်ထရက် ဖို့ဒ်သို့ ရောက်ရှိမှု ငွေရတု နှစ်ပတ်လည် နေ့ကို ဖြတ်သန်းမည် ဖြစ်သည်။
Special One နှင့် ဆာအဲလက်စ်ဖာဂူဆန်

ဖာဂူဆန် အနား ယူချိန်တွင် မန်ယူတွင် ၎င်း၏ နေရာ ဆက်ခံသူ ဖြစ်လာနိုင်ကြောင်း ရေပန်းစား နေသည့် မော်ရင်ဟိုက “ဆာအဲလက်စ်ဟာ မန်ယူ သမိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ မန်နေဂျာပါ။ နောက်ပြီး သူ့ကို ဥရောပ ဘောလုံး လောကရဲ့ ပြိုင်ဘက်ကင်း မန်နေဂျာ တစ်ယောက်လို့လည်း သတ်မှတ် ရပါမယ်” ဟု ချီးကျူး ပြောကြားသွားသည်။ မော်ရင်ဟိုကမူ မိမိသည် ဖာဂူဆန် နောက်ထပ် နှစ်ပေါင်းများစွာ မန်ယူတွင် ဆက်ရှိ နေသည်ကိုသာ တွေ့မြင်လိုကြောင်း ဖွင့်ဟခဲ့သည်။ “သူ့ကို လက်ရှိ အလုပ်မှာပဲ မြင်ချင်ပါတယ်။ ခုလို ပျော်ပျော်ရွှင်ရွှင် ရည်မှန်းချက် ကြီးကြီး ပုံစံမျိုးနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင်ပေါ့” ဟု ၎င်းက ပြောဆိုသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ



အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။


၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။

၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။

၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။


Problem2

Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။

ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။

Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။

နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။

External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။

နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။

အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

from နောက်ဆုံးတင်ထားသည့်အကြောင်းအရာ
များ - Mistake 51 Area by chitoo


Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။



Network Port ပျက်စီးခြင်း

Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။


USB Port ပျက်နေခြင်း

Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။



Internal Wireless (Wi-Fi) Card ပျက်စီးခြင်း

အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။


Internal Flash Memory Card Reader ပျက်နေလျှင်

အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။


Internal CD/DVD Drive ပျက်နေခြင်း


Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။



--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင် တိုင်းရင်းသား သူရဲကောင်းများ




image of Kachin Rangersဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဒီဇင်ဘာလမှာ ဗိုလ်ချုပ် ဂျိုးဇက်စတီးဝဲလ် (Joseph Stilwell) ဦးဆောင် ဖောက်လုပ်ခဲ့တဲ့
သမိုင်းဝင် လီဒိုလမ်းမကြီး အကြောင်းကို အရှေ့ပိုင်းမှာ ရေးဖူးပါတယ်။ ဒါပေမဲ့ လီဒိုလမ်းမကြီးနဲ့ ဆက်စပ်ပြီး Burma Campaign လို့ခေါ်တဲ့ မြန်မာနိုင်ငံကနေ ဂျပန်နယ်ချဲ့တွေကို တိုက်ထုတ်ခဲ့ရာမှာ ကချင်လူမျိုးများရဲ့ ပါဝင်စွမ်းဆောင်ခဲ့တဲ့ အခန်းကဏ္ဍ ရှိခဲ့တယ်ဆိုတာကို မသိကြသေးတဲ့ သူတွေအတွက် ဗဟုသုတအဖြစ် သမိုင်းအထောက်အထားများကို ဆက်လက်ရှာဖွေ တင်ပြလိုက်ပါတယ်။
စစ်အတွင်းကာလ ၁၉၄၂ ခု နှစ်ဦးပိုင်းမှာ CBI (China - Burma - India) စစ်မျက်နှာစာမှာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေအနေက သိပ်မကောင်းလှပဲ ဖြစ်နေပါတယ်။ နယ်ချဲ့ဂျပန်တွေက ဂျာဗားပင်လယ်က အင်္ဂလိပ်ရေတပ်တွေကို တိုက်ထုတ်ပြီး ဖေဖေါ်ဝါရီလမှာ စင်ကာပူကျွန်းကို သိမ်းပိုက်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂျပန်တွေက အင်ဒိုနီးရှားကျွန်းတွေ နဲ့ မြန်မာပြည်ကို ကျူးကျော်တိုက်ခိုက် လာပါတယ်။
မြန်မာပြည် လားရှိုးမြို့ကနေ တရုတ်ပြည် ကူမင်းမြို့အထိ ဖောက်လုပ်ထားတဲ့ Burma Road ဟာလည်း ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေအတွက် လက်နက်ရိက္ခာ ထောက်ပံ့ပေးဖို့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေလို့ ဂျပန်ကိုခုခံတိုက်ခိုက်ဖို့ ကူမင်တန်တပ်တွေ မြန်မာပြည်ထဲကို ရောက်ရှိလာပါတယ်။ အမေရိကန်မှ ဗိုလ်ချုပ် စတီးဝဲလ် ကလည်း CBI ရဲ့ စစ်ဦးစီးချုပ်အဖြစ် အမေရိကန်တပ်ဖွဲ့ကို ဦးဆောင်ပြီး ကူမင်တန်တရုတ်တပ်တွေကို ကူညီထောက်ပံ့ဖို့ ရောက်လာပါတယ်။
ဒါပေမဲ့ စတီးဝဲလ် ရောက်လာတဲ့ ၁၉၄၂ ခု မတ်လထဲမှာပဲ ဂျပန်တွေက ရန်ကုန်ကို သိမ်းပိုက်ပြီး မြန်မာပြည်မြောက်ပိုင်း ရထားလမ်းတလျှောက် မန္တလေး နဲ့ မြစ်ကြီးမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။ တရုတ်ကူမင်တန် တပ်ဖွဲ့ကလည်း ဂျပန်ကိုခုခံဖို့ အင်အားမရှိတော့ပဲဖြစ်နေကာ စတီးဝဲလ်အဖို့ ရွေးချယ်စရာ နှစ်လမ်းပဲရှိပါတော့တယ်။ အိန္ဒိယဘက်ကို ထွက်ပြေးမလား ဒါမှမဟုတ် စစ်သုံ့ပန်းအဖြစ် အဖမ်းခံမလား ဆိုတာပါပဲ။ နောက်ဆုံးတော့ စတီးဝဲလ်က အမေရိကန်တပ်ဖွဲ့နဲ့အတူ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာသူနာပြုများပါဝင်တဲ့ လူအယောက် (၁၀၀) ခန့် ကို ခေါ်ဆောင်ပြီး ၀န်းသိုမြို့ကနေ အိန္ဒိယနိုင်ငံ Imphal မြို့အထိ မိုင်ပေါင်း ၂၀၀ ခရီးကို ၁၉ ရက်ကြာ ဖြတ်သန်းပြီး ဆုတ်ခွာခဲ့ပါတယ်။
စတီးဝဲလ်ဟာ မြန်မာပြည်ထဲကို ၀င်ရောက်ပြီး ဂျပန်တွေကို ပြန်လည်တိုက်ထုတ်ဖို့ နဲ့ ဖြတ်တောက်ခြင်း ခံထားရတဲ့ Burma Road ကို ပြန်လည်သိမ်းယူဖို့ အရေးပါတဲ့ လီဒိုလမ်းမကြီးကို ဖောက်လုပ်ရန် စီစဉ်နေခဲ့ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ ကူမင်တန် တရုတ်တပ်တွေကို အိန္ဒိယပြည် Ramgarh မြို့မှာ လက်နက်သင်တန်းပေးဖို့ လေယာဉ်နဲ့တဆင့် ကချင်ပြည်နယ်မြောက်ဖျား ဟိမ၀န္တာတောင်တန်းတွေကို ကျော်ဖြတ်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ အင်္ဂလိပ်တွေက စစ်စခန်း၊ အစားအစာ နဲ့ ရူပီငွေများကို ပံ့ပိုးပြီး အမေရိကန်တွေက ရေဒီယို၊ ရိုင်ဖယ်၊ မက်ရှင်းဂန်း စတဲ့ လက်နက်ခဲယမ်းများ နဲ့ စစ်သင်တန်းတွေကို ထောက်ပံ့ပေးပါတယ်။
တရုတ်ကူမင်တန်တပ်များ စစ်သင်တန်း သင်ယူနေတဲ့အချိန်မှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ကချင်လူမျိးများဟာ (ကရင်၊ ချင်း၊ ကူကီး နဲ့ နာဂ တချို့အပါအ၀င်) ကျုးကျော်လာတဲ့ ဂျပန်တပ်တွေကို ပြောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက် နေကြပါတယ်။ မွေးရာပါ ရဲစွမ်းသတ္တိကောင်းပြီး တောတောင်ကျွမ်းကျင်တဲ့ ကချင်လူမျိုးများဟာ ဓား၊ လှံ၊ လေးမြှား တွေသာ အသုံးပြုပြီး ခေတ်မီလက်နက်များ နဲ့ စစ်ဗျူဟာစနစ်တွေ မရှိကြပါဘူး။
ကချင်လူမျိုးတွေရဲ့ အစွမ်းအစကိုသိတော့ ဂျပန်တွေကို နောက်တန်းကနေ လူဦးရေနည်းနည်းနဲ့ လျှပ်တပြတ် တိုက်ခိုက်ဖို့ အစီအစဉ်နဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လထဲမှာ အင်္ဂလိပ် V-Force တပ်ဟာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက Fort Hertz ခံတပ်မှာ Kahin Rangers, Kachin Levies လို့ခေါ်တဲ့ ကချင်ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ စတီးဝဲလ်ကလည်း ရေဒီယိုအော်ပရေဒါ၊ လျှို့ဝှက်စာလုံးရေးနည်းဖော်နည်း တတ်ကျွမ်းသူ နဲ့ ဆေးဝါးပညာရှင် (၄၈) ဦးပါတဲ့ အမေရိကန်တပ်ဖွဲ့ကို လွတ်လိုက်ပါတယ်။ ကချင်ပြောက်ကျားများဟာ လက်နက်နဲ့ ထောက်လှမ်းရေး သင်တန်းများကို သင်ယူပြီး မဟာမိတ်တပ်အတွက် သတင်းပို့ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ တောလမ်းပြခြင်း စတာတွေကို ကူညီပေးခဲ့ပါတယ်။
image of Kachin Rangers
ကချင်ပြောက်ကျားတပ်ဖွဲ့ရဲ့ စွမ်းဆောင်နိုင်မှုကြောင့် ၁၉၄၃ ခု နှစ်ကုန်ပိုင်းမှာ စတီးဝဲလ်ခန့်အပ်လိုက်တဲ့ Carl F. Eifler ဦးဆောင်နေတဲ့ စစ်ဗျူဟာတပ်ဖွဲ့ (၁၀၁) (OSS Detachment 101) ထဲမှာ USA-Kachin Rangers  ခေါ် ကချင်တပ်ဖွဲ့ (၆) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး  သုံးဖွဲ့ကို ဧရာဝတီမြစ် အရှေ့ပိုင်း နဲ့ ကျန် သုံးဖွဲ့ကို အနောက်ပိုင်းမှာ နေရာချထားခဲ့ပါတယ်။ OSS Detachment 101 အဖွဲ့ဟာ ရန်သူနယ်မြေထဲမှာ သာမန်စစ်ဆင်ရေးနည်းလမ်းကို အသုံးမပြုဘဲ အမေရိကန်စစ်သမိုင်းမှာ ပထမဦးဆုံး ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး သတ်ဖြတ်မှုနှင့်ကျဆုံးမှု အချိုးအစား အမြင့်ဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
Kachin Rangers တပ်ဖွဲ့များကို စစ်ယူနီဖောင်းဝတ်စုံ၊ M-2, Thompson, 9 mm Marlin, ကာဘိုင်သေနတ် စတဲ့ လက်နက်ခဲယမ်းများကို တပ်ဆင်ပေးခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ ကချင်တပ်သားတချို့ကို Fort Hertz မှတဆင့် အိန္ဒိယပြည်သို့ စေလွှတ်ပြီး ဆက်သွယ်ရေး သင်တန်းများကို သင်ကြားစေခဲ့ပါတယ်။ ကချင်တပ်သားများဟာ ဆက်သွယ်ရေးပစ္စည်း အသုံးပြုနည်းများကို လွယ်ကူမြန်ဆန်စွာ သင်ယူတတ်မြောက်ပြီး တစ်မိနစ်အတွင်း စာလုံး ၂၅ - ၄၅ လုံးအထိ လက်ခံပို့ဆောင် နိုင်ခဲ့ပါတယ်။ သင်တန်းသား အများစုဟာ မိခင်တပ်ရင်းကို ပြန်လာရပြီး တချို့ကတော့ လေထီးများနဲ့ခုန်ချပြီး နေရာသစ်မှာ ရန်သူ့သတင်းများကို ထောက်လှမ်းရယူ ခဲ့ကြပါတယ်။
image of Kachin Rangers
ကချင်ပြောက်ကျားတပ်များရဲ့ အောင်မြင်မှုများစွာ ရှိခဲ့ပေမဲ့လည်း အစပိုင်းမှာ စတီးဝဲလ်က Kachin Rangers များရဲ့ ထိရောက်မှုကို သိပ်မယုံကြည်သေးပါဘူး။ တနေ့မှာ စတီးဝဲလ်ရဲ့ ဌာနချုပ်ရုံးကို ကချင်ပြောက်ကျား ခေါင်းဆောင်နှစ်ဦး ရောက်လာပြီး ရှေ့တန်းမှာ ဂျပန်စစ်သားများစွာကို သတ်ဖြတ်ရှင်းလင်းခဲ့တာကို ပြောပြပါတယ်။ ဒါကို စတီးဝဲလ်က သက်သေပြပါလို့ တောင်းဆိုပါတယ်။ ကချင်ခေါင်းဆောင်နှစ်ဦးက ခါးပတ်မှာချိတ်ထားတဲ့ ၀ါးကျည်ထောက်များကို ဖြုတ်ပြီး အထဲက ပစ္စည်းတွေကို စတီးဝဲလ်ရဲ့ စားပွဲပေါ်ကို သွန်ချပြပါတယ်။ စတီးဝဲလ်က ဘာတွေလဲလို့မေးတော့ "ဒါတွေက ဂျပန်တွေရဲ့ နားရွက်တွေလေ ... အားလုံးကို နှစ်နဲ့စားလိုက်ရင် ... ဂျပန်ဘယ်နှစ်ယောက်ကို သတ်လိုက်သလဲဆိုတာ အဖြေထွက်ပါတယ်" လို့ ကချင်ခေါင်းဆောင်က ဖြေကြားခဲ့ပါတယ်။ အဲဒီကစပြီး စတီးဝဲလ်က ကချင်ပြောက်ကျားတပ်တွေဟာ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ရုံမက ဂျပန်တွေကို တိုက်ခိုက်သတ်ဖြတ် နိုင်တာကို လက်ခံခဲ့ပါတယ်။
ဗိုလ်ချုပ် Frank Merrill ဦးဆောင်တဲ့ နောက်ပိုင်းမှာ Merrill's Marauders အဖြစ် ကျော်ကြားခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ကိုလည်း ကချင်ပြောက်ကျားတပ်သား (၃၀၀၀) ခန့် ပါဝင်ကူညီပေးခဲ့ပါတယ်။ "ကျနော်တို့နဲ့အတူ ကချင်လမ်းပြတစ်ယောက် အမြဲတမ်း ရှိနေပါတယ်၊ သူတို့မပါရင် ကျနော်တို့ ရှေ့တန်းကိုထွက်ဖို့ မဖြစ်နိုင်ပါဘူး ... ကချင်ပြောက်ကျားတွေက နေရာဒေသ၊ လမ်းကြောင်းတွေ သိယုံမက ဂျပန်တပ်တွေ ဘယ်မှာရှိတယ်ဆိုတာ အခြားသူတွေထက် ပိုသိပါတယ်" လို့ ဗိုလ်ကြီး Charlton Ogburn Jr. က ထုတ်ဖော်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ် ဧပြီလ ကနေ သြဂုတ်လ အထိ လေးလကြာမြင့်ခဲ့တဲ့ မြစ်ကြီးနားလေယာဉ်ကွင်း တိုက်ပွဲနဲ့ မြစ်ကြီးနားမြို့တိုက်ပွဲမှာ အမေရိကန်တပ်သား ၁၄၀၀၊ တရုတ်တပ်သား ၄၀၀၀ နဲ့ ကချင်ပြောက်ကျား ၆၀၀ တို့ပါဝင်ခဲ့ပြီး မိုးကောင်း၊ ကားမိုင်းတို့မှတဆင့် မြစ်ကြီးနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီး ကချင်ပြောက်ကျားများက ပထမဦးဆုံး မြစ်ကြီးနားလေယာဉ်ကွင်းကို တိတ်တဆိတ် ၀င်ရောက်ခဲ့ပါတယ်။ လေယာဉ်ကွင်းမှာ ထင်သလောက် ဂျပန်လုံခြုံရေးတပ်များ တင်းကျပ်မှု မရှိကြောင်းကို စတီးဝဲလ်ဆီိ လျှို့ဝှက်သတင်း ပေးပို့နိုင်ခဲ့ပါတယ်။ ဂျပန်လေယာဉ်တွေက မြစ်ကြီးနားလေယာဉ်ကွင်းကို အသုံးပြုပြီး အထောက်အပံ့ ပို့ဆောင်ပေးနေတဲ့ အမေရိကန်လေယာဉ်တွေကို ပစ်ချနေတာကြောင့် လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ဟာ စတီးဝဲလ်အတွက် အလွန်အရေးကြီးခဲ့ပါတယ်။
image of Kachin Rangers
မြစ်ကြီးနားတိုက်ပွဲ အောင်မြင်ပြီးနောက်ပိုင်း ၁၉၄၄ ခုနှစ် အောက်တိုဘာလမှာ စတီးဝဲလ်ရဲ့နေရာကို အစားထိုးရောက်လာတဲ့ ဗိုလ်ချုပ် Daniel Sultan က ဂျပန်တွေ ယိုးဒယားကိုထွက်ပြေးနိုင်မဲ့ တောင်ကြီး - ကျိုင်းတုံလမ်းကို သိမ်းပိုက်ဖို့ (၁၀၁) တပ်မှ ကချင်ပြောက်ကျားများကို ထပ်မံစေလွှတ်ပါတယ်။ ကချင်တပ်သားများက မိမိနေရပ်နဲ့  အလွန်ဝေးကွာပြီး၊ စစ်ပွဲကြောင့် ပင်ပန်းနေပေမဲ့လည်း Kachin Rangers ၁၅၀၀ ခန့် ပါဝင်ကူညီဖို့ လက်ခံခဲ့ပါတယ်။ ကချင်ရိန်းဂျားတပ်များအပါအ၀င် ကရင်၊ ဂေါ်ရခါး၊ ရှမ်း နှင့် ဗမာတပ်သားများ ၃၀၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲပြီး ဂျပန်စစ်ကြောင်းနောက်ဘက်မှ ချုံခိုတိုက်ခိုက် စေခဲ့ပါတယ်။ ရှမ်းပြည်နယ်တိုက်ပွဲအတွင်းမှာ ရန်သူဂျပန်ဘက်မှ အကျအရှုံး အယောက် (၁၂၀၀) နှင့် လူမျိုးစုံပြောက်ကျားတပ်ဖွဲ့မှလည်း အယောက် (၃၀၀) ခန့်ကျဆုံးခဲ့ရပြီး အသေအပျောက် အများဆုံးတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တိုက်ပွဲ မတိုင်မီကတည်းက ကချင်ပြောက်ကျား တပ်သားတချို့ဟာ အမေရိကန် Mars Task Force နဲ့အတူ ဗန်းမော်၊ နမ့်ခမ်း၊ လားရှိုး နဲ့ Burma Road မှာရှိတဲ့ ဂျပန်တပ်တွေ ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြောက်ကျားတပ်သားများဟာ ၁၉၄၅ ခုနှစ် မတ်လအတွင်းမှာ အဖွဲ့ဝင်ပေါင်း (၁၀၈၀၀) အထိ များပြားလာပါတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင် (၁၂) ရက်နေ့ OSS Detachment 101 ကို မဖျက်သိမ်းခင်မှာ အမေရိကန် ဗိုလ်မှုးကြီး Ray Peers က တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်ပြောက်ကျားတပ်သားများ အတွက် ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခဲ့ပါတယ်။ Kachin Rangers အဖွဲ့ဝင်အားလုံးကို အပြာရောင်ဖဲကြိုးပါ CMA (Citation for Military Assistance) တံဆိပ် နဲ့ (၁၀၁) တပ်ဖွဲ့ရဲ့အမှတ်အသား ငွေရောင်မိုးကြိုးသွား နှင့် Burma Campaign စာသားပါ တံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ ကချင်ပြောက်ကျားတွေကိုလည်း ဂျပန်ဆာမူရိုင်း ဓားတစ်လက်နဲ့  စနိုက်ပါရိုင်ဖယ်တစ်လက်စီ ပေးအပ်ခဲ့ပါတယ်။
image of CMI
ယနေ့အခါမှာ (၁၀၁) တပ်ဖွဲ့မှာ အမှုထမ်းခဲ့တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများက 0SS – 101 Association အဖွဲ့ ဖွဲ့စည်းထားပြီး ပြည်တွင်းရှိ ကချင်ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုရေး ကဏ္ဍများမှာ ကူညီပံ့ပိုးလျက် ရှိကြပါတယ်။
ပြန်လည်သုံးသပ် ကြည့်လိုက်ရင် Kachin Rangers ခေါ် ကချင်ပြောက်ကျားများဟာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်-မြန်မာ-အိန္ဒိယ စစ်မျက်နှာစာရဲ့ ကဏ္ဍမျိုးစုံမှာ ပါဝင်ခဲ့ပါတယ်။ Kachin Rangers များဟာ အင်္ဂလိပ် V-Force, အမေရိကန် OSS – 101, Merrill's Marauders နဲ့ Mars Task Force စတဲ့ မဟာမိတ်တပ်တွေနဲ့ အတူ မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း၊ တနိုင်း၊ မိုးကောင်း၊ ကားမိုင်း၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် မှ တောင်ပိုင်း မန္တလေး၊ တောင်ငူ အထိ၊ ရှမ်းပြည်နယ် လားရှိုးကနေ ယိုးဒယားနယ်စပ်အနီးထိ နယ်ချဲ့ဂျပန်တွေကို တိုက်ခိုက်ခြင်း၊ သတင်းထောက်လှမ်းပေးခြင်း၊ ရာသီဥတု သတင်းပို့ခြင်း၊ အမေရိကန် လေယာဉ်မှုးများအား ကယ်တင်ပေးခြင်း၊ ရန်သူသုံးစွဲတဲ့ တံတား ရထား စစ်သုံးကားများကို ဖျက်စီးခြင်း စသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ရဲဝံ့စွန်းစားစွာ ပါဝင်ခဲ့တာကြောင့် ကချင်သူရဲကောင်းများအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်လျက် ရှိနေပါတယ်။
ကျော်ကျော်
သြဂုတ် (၂၈) ရက်၊ ၂၀၁၁ ခုနှစ်
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!


ကိုးကား။ ။
၁။ Kachin Rangers by C. H. Dr. Briscoe http://www.militaryphotos.net/
၂။ The American – Kachin Rangers by James R. Ward, OSS-101 Association http://www.oss-101.com/
Views: 225



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed