မဇ္ဈိမသတင်းဌာန ။ ။ မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများအတွက် `ရွှေခေတ်´ တခေတ် ရောက်လာလိမ့်ဦးမည်ဟု မိုးဆက်ဆင်မြူရယ် အိပ်မက်မက်နေသည်။
အမိုးမြင့် Musmeah Yushua ဂျူးဘုရားကျောင်းထဲတွင်ရပ်နေရင်း ဤဘုရားကျောင်း စောင့်ကြီးသည် တချိန်က ရန်ကုန်မြို့တော်ကြီးတွင် ထွန်းကားခဲ့ဖူးသော ဂျူးအသိုင်း အဝိုင်းကြီးကို တမ်းတနေမိသည်။ ဖြစ်နိုင်ခြေ မရှိပေမယ့် သူတို့ ဂျူးအသိုင်းအဝိုင်းကြီး ပြန်လည်တိုးတက် စည်ပင်လာဦးမလား ဆိုသည်ကို မျှော်လင့်နေမိသည်။
မာတင်လူသာကင်းလိုပင် ဆင်မြူရယ်တွင်လဲ အိမ်မက်တခုရှိပါသည်။ လက်ရှိတရွေ့ရွေ့ ကျဆင်းလျက်ရှိသော
မြန်မာနိုင်ငံ ဂျူးအသိုင်းအဝိုင်းသည် ပြန်လည်တိုးတက်လာပြီး တဖန်ပြန်၍ စည်ကားလာဦးမည်ဟု သူမျှော်လင့်
နေသည်။

ရန်ကုန်မြို့ Musmeah Yushua ဘုရားရှိခိုးကျောင်း အတွင်းပိုင်း (Photo: Esme Vos)
ခြင်းဖြစ်သည်။
လမ်းမအပြင်ဘက်ရှိ မူစလင်ဆိုင် အိန္ဒိယလူမျိုးများ ရောင်းချနေသည့် ဆိုင်တန်းများလို မဟုတ်ဘဲ ၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဤဘုရားကျောင်းမှာမူ တိတ်ဆိတ် ငြိမ်သက်နေသည်။
ဂျူးအသိုင်းအဝိုင်းတွင် ကျမ်းစာနှင့် ညီညွတ်သော အစားအစာ မရနိုင်သည်မှာလည်း ၁၉၆၉ ခုနှစ်ကတည်းကပင်
ဖြစ်သည်။ ဂျူးတို့၏ ကိုရှာ (kosher) အစားအစာ မရနိုင်တော့ပါ။ (သို့သော် အစားထိုးအနေဖြင့် မူဆလင်တို့၏ ဟာလာ လည်လှီးသားကိုမူ ရနိုင်ပါသည်) ဝတ်ပြု ဆုတောင်းရာတွင်လည်း မူရင်းဟေဗြဲ (ဟီးဘရူး) ဘာသာကို
ဖတ်နိုင်သူပြောနိုင် သူမရှိတော့ပါ။ ဂျူးကျမ်းစာ (Torah) ရွတ်ဖတ်သံကို ရန်ကုန်ရှိ အစ္စရေးသံရုံးမှ သံအရာရှိများ
ဥပုသ် ဆုတောင်းဝတ်ပြုပွဲများလာမှ ကြားရပါတော့သည်။
ထိုသို့ အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အတွက် တစုံတယောက်က ဆယ်မြူရယ်ကို ဘော့ဆွဲ (Boswell) မယုံသင်္ကာစိတ်ဖြင့် ပြောခဲ့သလို "အတွေ့အကြုံကို မျှော်လင့်ခြင်း ကအောင်နိုင်ခြင်း" ဟု ပြောဆို ပြစ်တင်လာဖွယ် ရှိပါသည်။
တခါတရံတော့ အကောင်းမြင် အယူအဆရှိသူ ဆင်မြူရယ်သည်ပင် သူချစ်သောသူတို့ ဘုရားကျောင်းလေးနှင့် သူတို့ဂျူး (ရေဝတီ) လူ့အဖွဲ့အစည်းလေး ပျောက်ကွယ်လု ဖြစ်သွားကာ ယဉ်ကျေးမှုဆိုင်ရာ အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုရန်ထက် မပိုသည့် အနေအထားသို့များ ရောက်သွားမလားဟု စိုးရိမ်ပူပန်စိတ်များ ပေါ်လာ တတ်သည်။

ယနေ့အချိန်တွင် ရန်ကုန်မြို့ရှိ ရဟူဒီ ဘုရားရှိခိုးကျောင်းသို့ လာရောက်လည်ပတ်သူ နည်းပါးသွားပြီ ဖြစ်သည် (Photo: Esme Vos)
ထိုသို့သောအဖြစ်မျိုး အိမ်နီးချင်း အိန္ဒိယနိုင်ငံ "ကိုချင်" တွင်လည်း ဖြစ်ပေါ်နေပါသည်။ ၁၉ ရာစု အလယ်ပိုင်း
လောက်မှစ၍ ကျွန်းသစ်၊ ဆန်စပါး၊ ကော်ဖီ၊ ကျောက်စိမ်း၊ ရွှေ တို့ကို ရောင်းဝယ် ဖောက်ကားကြသည့် အီရတ်
ရေဝတီလူမျိုးများ ဗြိတိသျှ ကိုလိုနီအာဏာပိုင်များ၏ အားပေး တိုက်တွန်းချက်နှင့် မြန်မာပြည်တွင် လာရောက် အခြေချ နေထိုင်ခဲ့ကြသည်။
သူတို့ရောက်ပြီး မကြာမီမှာပင် အစိုးရအဖွဲ့တွင်း မြန်မာ လူ့အဖွဲ့အစည်းအတွင်း သူတို့၏သြဇာမှာ အလွန် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ သူတို့သြဇာ မြန်မာနိုင်ငံတွင် မည်မျှကြီးမားသလဲ ဆိုလျှင် ၂ဝ ရာစုဆန်းသောအခါ ရန်ကုန်နှင့် ပုသိမ်မြို့ဝန်များသည် ရေဝတီလူမျိုးများ ဖြစ်နေကြသည်။
ရေဝတီ လူမျိုးတို့၏ အပြောအရ ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးအချို့ဆိုလျှင် ထင်ရှားသော ရေဝတီလူမျိုးများ၏ အမည်များဖြင့် မှည့်ခေါ်ထားသည် အထိ ဖြစ်ခဲ့သည်ဟုဆိုသည်။
ရေဝတီလူမျိုး အသိုင်းအဝိုင်းအများဆုံး အချိန်က လူဦးရေ ၂,၅ဝဝ ခန့်အထိ ရှိခဲ့သည်။
သို့သော် မြန်မာနိုင်ငံရောက် ရေဝတီလူမျိုး အများစုသည် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်များ ကျူးကျော်ဝင်ရောက် လာသောအခါ ပြည်တွင်းမှ ထွက်ခွါ သွားခဲ့ကြသည်။
ဆက်လက် နေထိုင်သူ အချို့မှာလည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ စစ်အစိုးရ တက်လာသော အခါ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သွားကြသည်။ ထိုအထဲမှ ကျန်ခဲ့သူ အနည်းစုလေးမှာလည်း ၁၉၆၉ ခုနှစ်တွင် သူတို့၏ စီးပွါးရေး လုပ်ငန်းများ ပြည်သူပိုင် အသိမ်းခံရသည့်အခါ ထပ်မံ ထွက်ခွာ သွားကြပြန်သဖြင့်
မြန်မာပြည်တွင်းရှိ ရေဝတီလူမျိုး ဦးရေမှာ နည်းသထက် နည်းသွားခဲ့သည်ဟု ရေဝတီ လူမျိုးများ၏ အပြောအရ သိရသည်။
မြန်မာနိုင်ငံတွင်မွေး မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့သော ဆင်မြူရယ်ကမူ ဤပြဿနာကို ဖြေရှင်းရန် ဖြေရှင်းနည်းတခု အဖြစ် သူ့ကလေးများအပေါ် မျှော်လင့်ထားသည်။ ထို ကလေးငယ်များ လက်ထပ်ရန်အတွက် လူလွတ်အဖြစ် ကျန်နေသူများမှာလည်း ဆွေမျိုးသားချင်းများသာ ဖြစ်နေသည်။
ထို့ကြောင့် ဆင်မြူရယ်က သူ့သမီးများ ဖြစ်ကြသော ဒိုင်ယာနာ (၂၁ နှစ်)၊ ကာဇ်နာ (၁၉ နှစ်) နှင့် သား ဆမ်မီ (၁၆ နှစ်) တို့ကို အစ္စရေး၊ ဗြိတိန်၊ သို့မဟုတ် အမေရိကန် ပြည်ထောင်စုရောက် ဆွေမျိုးများနှင့် သွားရောက်
နေထိုင်နိုင်ရန် စေလွှတ်မည်ဟု ဆိုသည်။
ထိုနေရာများတွင် အိမ်ထောင်ကျပြီး မျိုးဆက်ပွားများ နိုင်လိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ပြီးတော့မှ သူတို့နှင့် မိသားတစုလုံး ပြန်လာနိုင်ကြလိမ့် မည်ဟုလည်း သူမျှော်လင့်ထားသည်။
မြန်မာပြည်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးခဲ့လျှင်လည်း အထောက်အကူ ဖြစ်နိုင်သည်။
အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများသည် ယခုလောလောဆယ် အသက်ဝင်လျက် ရှိသော်လည်း အစိုးရဘက်က တိုးတက်ပြောင်းလဲမှု များရှိလာလျှင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ တဖန်ပြန်လည် စိတ်ဝင်စားလာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ၏ "ရွှေခေတ်" ကုန်ဆုံးသွားပြီ ဖြစ်သည် (Photo: Esme Vos)
လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံမှုများ မလုပ်ပါရန် တိုက်တွန်း
တောင်းဆိုနေကြသော်လည်း မြန်မာပြည်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်းလျက် ရှိသည်ကို မြို့တော်တွင် နိုင်ငံခြားဟိုတယ် ၁၈ ခု တည်ဆောက်နေသည်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။
သို့သော် ယခုလောလောဆယ်တွင်တော့ မြန်မာလုံချည်နှင့် ပါတိတ်လက်တို အင်္ကျီကို ဝတ်ဆင်ထားသည့် ဆင်မြူရယ် အဖို့မူ လာရောက် လည်ပတ်ကြသည့် ဧည့်သည်များ၏ စေတနာ မေတ္တာအပေါ်သာ အားထားနေရသည်။
လာရောက် လည်ပတ်ကြသည့် ရေဝတီလူမျိုးများက အလှူခံပုံးထဲသို့ ဒေါ်လာငွေ အနည်းငယ်စီ ထည့်ကြသည်။ ချမ်းသာသည့် စေတနာရှင်များကမူ ဂျူးကျမ်းစာ တိုရာ ကိုထားရှိသည့် အမိုးဖြူ ဘုရားကျောင်းကို ပြန်လည် ပြင်ဆင်
နိုင်ရန် အလှူငွေများ ထည့်ဝင်ကြသည်။
၁၉၇၈ ခုနှစ်ကကွယ်လွန်သွားသော သူ့အဖေ အိုင်ဆက်ထံမှ ဤဘုရားကျောင်းစောင့် တာဝန်ကို အမွေဆက်ခံ ခဲ့သော ဆင်မြူရယ်အတွက် လတ်တလော ပူပန်စရာ ပြဿနာမှာ လူပေါင်း ၇၀၀ မြှုပ်နှံထားသည့် ဂျူးသင်္ချိုင်းကို အစိုးရက ဖြိုဖျက်မည့် အန္တရာယ်ရှိ နေခြင်းပင် ဖြစ်သည်။
အနားရှိ တရုတ်၊ ဘဟားအီ၊ မူဆလင်၊ ဖာရစီ၊ အာမေးနီးယန်း သင်္ချိုင်းများလိုပင် ရေဝတီသင်္ချိုင်းသည်လည်း အလျင်အမြန် ကြီးထွားလာနေသော ရန်ကုန်မြို့ကြီး၏ ဈေးကောင်းရ အထင်ကရ နေရာတွင် ရှိနေသည်။ အစိုးရက သင်္ချိုင်းမြေကို ပိုင်သည်၊ ထို့အတူ ဂျူးဘုရားကျောင်း ဆောက်လုပ်ထားရာ မြေကိုလည်း ပိုင်သည်။
မကြာသေးခင်က မိတ္ထီလာရှိ သက်တမ်း နှစ်တရာရှိ မူဆလင်သင်္ချိုင်းကို မြေထိုးစက်များဖြင့် ဖယ်ရှား ဖြိုဖျက်ခဲ့သည်
ကို သိလျှင် မြေရရန်အတွက် ဆိုလျှင် အစိုးရအဖို့ အထွဋ်အမြတ်ထားစရာ ဘာမျှမရှိဆိုသည်ကို သိနိုင်သည်။