Share on facebookShare on myspaceShare on googleShare on twitter
အသင်း၏ ရလဒ်ပိုင်း ကျဆင်းမှုများနှင့် အတူ အယ်လ်ဝါဆာ နည်းပြ ဒီယေဂို မာရာဒိုနာ တစ်ယောက် ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

အာဂျင်တီးနား ဂန္ထ၀င် တိုက်စစ်မှူးဟောင်း မာရာဒိုနာသည် ပြီးခဲ့သည့် လကတည်းက UAE ဘောလုံး ကလပ်မှ ထွက်ခွာ ရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေခဲ့သည်။ ယခုအခါတွင်မူ ဖလားလက်မဲ့ ဘောလုံးရာသီ တစ်ခု ဖြတ်သန်းခဲ့သည့် အယ်လ်ဝါဆာ အသင်းက မာရာဒိုနာအား ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မာရာဒိုနာသည် ပြီးခဲ့သည့်နှစ် မေလကမှ အယ်လ်ဝါဆာ နည်းပြ ရာထူးကို ခန့်အပ် ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း မာရာဒိုနာသည် အသင်း ဘုတ်အဖွဲ့က မျှော်လင့် ထားသလောက် ဦးဆောင်မှုကောင်း မပေးနိုင်ဘဲ တာဝန်ယူသည့် ပထမဆုံး ဘောလုံး ရာသီတွင် အယ်လ်ဝါဆာ အသင်း အဆင့်(၈)၌သာ ရပ်တည်နိုင်ခဲ့သည်။ အသစ်ဖွဲ့စည်းသည့် အယ်လ်ဝါဆာ ဘုတ်အဖွဲ့က အစည်းအဝေး တစ်ခု ခေါ်ယူပြီးနောက် မာရာဒိုနာ၏ ရာထူးနေရာကို အပြောင်းအလဲ လုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရည်မှန်းချက် ကြီးမားသော ဒူဘိုင်း အခြေစိုက် အသင်းသည် အသက်(၅၁)နှစ်ရှိ မာရာဒိုနာကို ခေါ်ယူခြင်းဖြင့် ကလပ် အသင်း၏ လူသိများမှုကို မြှင့်တင် နိုင်ခဲ့သော်လည်း ကွင်းတွင်းရလဒ်ပိုင်း အားနည်းမှု များကြောင့် ယခုလို ဆုံးဖြတ်ချက် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။