| အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ဆဲ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိတွေ့ရင်ဆိုင်ထားသည့် နယ်မြေများတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း KIA က ပြောသည်။ KIA တပ်များက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို ယမန်နေ့နံနက်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း အသေအပျောက်မရှိကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။ လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တွင် ၂၀၀၉ ခုနှစ် စစ်ရေးပြအခမ်းအနား၌ တွေ့ရသော KIA စစ်သမီးများ (ဓာတ်ပုံ - Kachin News Group) "ဗုံးခွဲတယ်ဆိုတာ လူထုကို ထိခိုက်ဖို့ လုပ်တာမဟုတ်ပါဘူး။ အစိုးရ စစ်ရေးမဟာဗျူဟာကို ကြိုပြီး ဟန့်တားတာပါ" ဟု ၎င်းက ဆိုသည်။ ဇွန်လ ၁၈ ရက်နေ့ကလည်း KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်ဘိုစခန်းတွင် တပ်စွဲထားသည့် ခလရ ၁၄၁ နှင့် ခလရ ၁၄၂ တို့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း၊ အစိုးရတပ်ဘက်မှ တပ်သား ၅ ဦးကျဆုံးကြောင်း ဦးလနန်က ဆက်လက် ပြောသည်။ ထိုအစိုးရတပ် အကျအဆုံး သတင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။ KIA အနေဖြင့် ဘွမ်ဆွမ်တောင်ကုန်းအနီးရှိ စခန်းတချို့မှ ရုပ်သိမ်းပေးခဲ့ရသော်လည်း စစ်ရေးအရ အရေးပါသည့် ဘွမ်ဆွမ်တောင်ကုန်းကို သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ အစိုးရနှင့် ရင်ဆိုင်ထိတွေ့ထားသည့် နေရာများတွင် နှစ်ဖက်စလုံး တင်းမာမှုများ၊ စစ်အင်အား ဖြည့်တင်းမှုများရှိကြောင်း ဦးလနန်က ဆက်လက်ပြောသည်။ ယခုဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့်ပတ်သက်၍ KIA က တရုတ်နိုင်ငံကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အစိုးရကလည်း အပစ်အခတ်ရပ်စဲရန် ကချင်အတိုင်ပင်ခံကောင်စီကို စေလွှတ်ခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တားနှောက်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။ တပ်မတော်အနေဖြင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်လိုဖိနှိပ် တိုက်ခိုက်လိုခြင်းမရှိဟု ရေးသားထားသည်။ ကချင်ပြည်နယ်တွင် မြန်မာအစိုးရက တရုတ်ကုမ္ပဏီများနှင့် ပူးတွဲ၍ မြစ်ကြီးနားမြို့အနီးတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရွှေလီရေအားလျှပ်စစ်စီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းများကို ၂၀၀၆ ခုနှစ်ခန့်က စတင် အကောင်အထည်ဖော်နေသည်။ |
__._,_.___
.
ဖိုးခိုင်
Czech Republic











Rangoon Time