အိန္ဒိယက ချင်းပြည်နယ် အတွက် ဒေါ်လာ ၆ သန်း ကူညီမည်
July 28th, 2011 | Add a Comment | 106 viewsမန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် (Consul General ) Dr. Madan Mohan Sethi သည် ယမန်နေ့က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိလာပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟုပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငွေကြေးပမာဏကို ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အကူအညီပေးခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
အိန္ဒိယကောင်စစ်ဝန်သည် ချင်းပြည်နယ်ဝန်ကြီးအဖွဲ့များ ၊ မြို့မိမြို့ဖ တချို့တို့နှင့် ဟားခါးမြို့ ပြည်နယ်ဝန်ကြီးချူပ်ရုံးတွင် တွေ့ဆုံပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၆ သန်းအကူအညီပေးမည်ဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ အကူအညီ ပေးမည့် ကာလ သတ်မှတ်ချက် မည်မျှ ရှိသည်ကိုမူ မသိရှိရသေးပေ။
ကောင်စစ်ဝန် Dr. Madan Mohan Sethi သည် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး အိန္ဒိယ အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည့်အစီစဉ်သည်လည်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိုးကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုးဇမ် က အိန္ဒိယအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည်ဟုကြားသိရသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း ခိုနူမ်းထုန်ကိုပြောသည်။
"ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒီလိုမျိုးအခြေအနေကြုံနေတဲ့အချိန်မှာ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အိန္ဒိယအစိုးရက အကူအညီပေးမယ်ဆိုတာ ကျနော်တို့ အများကြီးဝမ်းသာကြိုဆိုပါတယ်''ဟု သူကပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အဖွဲ့၏ ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်သော စစ်တမ်းကောက်ယူချက်တွင် မြန်မာနိုင်ငံပြည်နယ် နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ဖော်ပြထားသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်