BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, December 22, 2011

ချက်သမ္မတဟောင်း ဗားကလက်ဟာဗဲလ် (သို့မဟုတ်) အမှန်တရားနှင့်နေထိုင်ခြင်း၏ အင်အား Václav Havel


Written by ဂျက်ဖရီဆခ်ျ (ညီစောလွင် ဘာသာပြန်သည်)
Hits: 109

ကမ္ဘာကြီးမှာ အရှားပါးဆုံးအရာတွေက ရနံ၊ ရေကောင်းရေသန့်၊ စားနပ်ရိက္ခာတွေ မဟုတ်ပါဘူး၊ ကျင့်ဝတ်သီလနှင့် ဦးဆောင်မှုဖြစ်ပါတယ်။ အမှန်တရားအပေါ် သံန္နိဌာန်ချထားတဲ့  သိပ္ပံပညာ၊ ကိုယ့်ကျင့်တရားနှင့် လူတွေကသာ ကျနော်တို့ ရှေ့က စိန်ခေါ်နေတဲ့၊ လူ့အဖွဲ့အစည်းက လက်ရှိကြုံတွေ့နေရတဲ့ ဆင်းရဲမွဲတေမှု၊ ရောဂါဘယ၊ ဒုဗိကန္တယကပ်တွေကနေ ကျော်လွှား နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အာဏာကိစ္စတွေက အမှန်တရားကို ရွံရှာမုန်းတီးတဲ့ အလျှောက် မနားမနေ တိုက်ခိုက်နေပါတယ်။
ဒီလထဲမှာ သေဆုံးသွားတဲ့ Václav Havel ကတော့ လူသားမျိုးဆက်တစ်ခုကို သစ္စာတရားနှင့် အသက်ရှင် နေထိုင်ဖို့ ကျေးဇူးပြုနိုင်ခဲ့ပါတယ်။ သူရဲ့ကျေးဇူးတရားတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ခေတ္တငြိမ်သက် အလေးပြုကြပါစို့။
ဗားကလက်ဟာဗဲလ် ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အခုလိုအချိန်မျိုးမှာ ဆိုဗီယက် ပြည်ထောင်စုကြီးရဲ့ အရှေ့ဥရောပ လွတ်မြောက်ရေး တော်လှန်ရေးရဲ့ အဓိက ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ ပြဇာတ်တွေ၊ အက်ဆေးတွေ၊ ပေးစာတွေက အရှေ့ဥပရောမှာ ကွန်မြူနစ် အာဏာရှင်တွေရဲ့ အုပ်စိုးမှုအောက်မှာ ရိုးရိုးသားသား လိပ်ပြာလုံလုံနှင့် အသက်ရှင်နိုင်ရေး အတွက် ရုန်ကန်ရမှုတွေ အကြောင်းတွေပါပဲ။  
သူဟာ သစ္စာတရားနှင့် အသက်ရှင်ခွင့်ရရေးအတွက် ဘ၀တခုလုံးနဲ့ လောင်းကြေးထပ်ခဲ့ပါတယ်။ သူ့အသုံးအနှုန်းအတိုင်းဆိုရင် ကိုယ့်လိပ်ပြာအပေါ် ကိုယ်ရိုးသားခြင်း၊ လူ့အဖွဲ့အစည်းနှင့် လူသန်းရာပေါင်းများစွာရဲ့ လွတ်လပ်မှုတွေအပေါ် ဖိနှိမ့်ထားတဲ့ အာဏာရှင်စနစ်အပေါ် သူရဲကောင်းဆန်ဆန်ပဲ ရိုးသားခဲ့ပါတယ်။  
သူရဲ့ ရွေးချယ်မှုအတွက်လည်း ကြီးကြီးမားမားပေးဆပ်ခဲ့ရပါတယ်၊ နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရသလို၊ စောင့်ကြည့်ခံခဲ့ရ၊ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရ၊ သူ့ရဲ့ စာမူတွေလည်း ပိတ်ပင် ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူရဲ့ အမှန်တရား အလင်းရောင်ကတော့ ပျံ့နှံ့ခဲ့ပါတယ်။
ဟာဗဲလ် ဟာ သူ့မျိုးဆက်တွေကို မျှော်ချက်တွေ၊ သတ္တိတွေ၊ မကြောက်တရားတွေကို ပေးနိုင်စွမ်းခဲ့တယ်။ မုသားကွန်ယက်ကြီး ၁၉၈၉ နိုဝင်ဘာလမှာ ပြိုကျသွားတဲ့အခါမှာ ချက်နှင့် ဆလိုဗက်ကီးယားက သိန်းနဲ့ ချီတဲ့ လူပေါင်းများစွာဟာ လမ်းမတွေပေါ် ထွက်လာကြပြီး သူတို့ရဲ့ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြပါတယ်၊ ထောင်ကျခံ၊ ဘေးထုတ်ခံထားရတဲ့ ပြဇာတ်ရေး ဆရာတယောက်လည်း Prague ရဲတိုက်ကြီးထဲမှာ အသစ်ရွေးချယ်ခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ ပိုလန် ညီညွတ်ရေးလှုပ်ရှားမှုအဖွဲ့က ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဆီ အသွင်ကူးပြောင်းရေးမှာ အကူအညီပေးဖို့ ဖိတ်ကြားခဲ့လို့၊ အဲဒီတုန်းက အမှန်တရားရဲ့ အစွမ်းပကားကို မျက်မြင်ဒိဌ ကြုံတွေ့ခဲ့ရပါတယ်။ ပိုလန်လူမျိုးတွေက အဲဒီအကူးအပြောင်းကို ဥရောပသို့ အပြန် လို့ ကင်ပွန်းတပ်ကြပါတယ်။
ဟာဗဲလ် လို အမှန်တရားနှင့် အသက်ရှင်နေထိုင်သူတွေ၊ ဒေသတခုလုံးက အလွန် လေးစားကြည်ညိုတာကို ခံရတဲ့  Adam Michnik ၊ Jacek Kuron ၊ Bronislaw Geremek ၊ Gregorsz Lindenberg ၊ Jan Smolar ၊ Irena Grosfeld နှင့် Lech Walesa တို့လို ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။
သတ္တိရှိတဲ့ ဒီအမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျိုးသားခေါင်းဆောင်တွေ၊ ဥပမာ လွတ်လပ်ခါစ ပိုလန် နိုင်ငံမှာဆိုရင်  Tadeusz Mazowiecki နှင့်  Leszek Balcerowicz တို့လို ခေါင်းဆောင်တွေဟာ သူတို့ရဲ့ သတ္တိ၊ အမြော်အမြင် နှင့် ဂုဏ်သိက္ခာတွေကို ပေါင်းစပ်လို့ အောင်မြင်အောင် ဦးဆောင် နိုင်ခဲ့ပါတယ်။
မှန်သော စကားပြောကြားခြင်းဟာ အဲဒီအချိန်က အနာဂတ်အတွက် တောက်ပတဲ့ အလင်းရောင်ပါပဲ။ သစ္စာစကားကြောင့်ပဲ  သမိုင်းမှာ ခေါင်းမာတဲ့ အရှေ့ဥပရောပရဲ့ ဆိုဗီယက် လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ Adam Michnik  ဟာ  ဟာဗဲလ် လိုပဲ အကြောက်တရား ကင်းမဲ့တဲ့ အမှန်တရားရဲ့ အလင်းရောင်ပါပဲ။ ၁၉၈၉ ခုနှစ် ဂျူလိုင်လ ပိုလန်မှာ ကွန်မြူနစ် အုပ်ချုပ်မှုပြိုကျသွားတဲ့ အချိန်မှာ Prague   ဘယ်တော့ လွတ်လပ်မလဲလို့ သူ့ကို မေးတော့ ဒီနှစ်ကုန်ပေါ့လို့ သူက ပြန်ဖြေခဲ့ပါတယ်။
ခင်ဗျား ဘယ်လိုလုပ်သိတာလဲလို့ မေးတော့  လွန်ခဲ့တဲ့ အပတ်ကပဲ ဟာဗဲလ် နဲ့ တောင်ကုန်းတွေ ပေါ်မှာ တွေ့ခဲ့တယ်၊ သူက "အကြောက်တရားမရှိရင် လွတ်လပ်မှုဟာ လက်တစ်ကမ်းမှာ" လို့ (Have no fear. Freedom is on the way)  ပြောခဲ့တယ်လို့ ပြန်ဖြေပါတယ်၊
ဟာဗဲလ် တွက်တာ မှန်ခဲ့တယ်၊ နောက်ထပ် တလပဲ စောင့်ခဲ့ရပါတယ်။
မကောင်းမှုတွေ၊ အလိမ်အညာတွေ တယောက်ဆီကနေ နောက်တယောက်ဆီကို ကူးစက်တတ်သလို၊ မှန်ကန်တဲ့ ကိုယ်ကျင့်တရားနှင့် သတ္တိတွေကလည်း တယောက်ကနေ နောက်တယောက်ဆီကို ပွားများနိုင်တဲ့ သတ္တိရှိပါတယ်။ Michnik နဲ့  Havel တို့ရဲ့ အောင်မြင်မှုဟာ  အင်အားထက် အမှန်တရားကို ပိုတန်ဖိုးထားတဲ့ မီးခေးလ် ဂေါဘာချော့ဗ်  လို ဆိုဗီယက် ခေါင်းဆောင် နဲ့ တစိတ်တပိုင်းအားဖြင့် ဆက်စပ်နေပါတယ်။
ဂေါဘာချော့ဗ် ရဲ့ အောင်မြင်မှုဟာလည်း တစ်နိုင်ငံတည်းသား နျူးကလီယားရူပဗေဒပညာရှင်၊  ဆိုဗီယက် အင်ပါယာရဲ့ ဗဟိုချက်ထဲမှာ ဘ၀တစ်ခုလုံးကို ရင်းနှီးပြီး အမှန်တရားကို ပြောဖို့ သတ္တိရှိခဲ့တဲ့၊ ဒီလိုပြောခဲ့လို့ နှစ်ပေါင်းများစွာ ချောင်ထိုးခံခဲ့ရတဲ့ Andrei Sakharov လို ကြီးမြတ်တဲ့ လူတွေဆီကနေ တစိတ်တပိုင်းအားဖြင့် ပျံ့နှံ့ သွားတာဖြစ်ပါတယ်။
ဒီလို စိတ်ဓာတ်အင်အားနှင့် ခိုင်ခိုင်မာမာ ဦးဆောင်မှုမျိုးပေးခဲ့သူတွေထဲမှာ မဟတ္တမ္မဂန္ဒီလို ပုဂ္ဂိုလ်မျိုးကို ဥပမာပြနိုင်ပါသေးတယ်၊ ဂန္ဒီကိုယ်တိုင်က သူရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို သစ္စာတရားနှင့် ကျွန်ုပ်၏အတွေ့အကြုံများ The Story of My Experiments With Truth  လို့ အမည်ပေးခဲ့ပါတယ်။
သူတို့ အားလုံးဟာ သိပံ္ပပညာ နှင့် ကိုယ်ကျင့်တရားတွေဟာ အဆုံးတစ်နေ့မှာ မုသားတွေနဲ့ အာဏာတပ်မကြီးကို မုချအောင်နိုင်မယ်ဆိုတဲ့ သစ္စာတရားအပေါ်မှာ ယုံကြည်ခဲ့ကြ ပါတယ်။ ဒီလို ယုံကြည်မှုအတွက် အသက်ပေးခဲ့သူတွေလည်း မနည်းလှပါဘူး။ သူတို့ရဲ့ အမှန်တရားအပေါ် ယုံကြည်တဲ့အတိုင်း လက်တွေ့လုပ်ဆောင်ခဲ့လို့လည်း ဒီနေ့ ကျနော်တို့တွေ အကျိုးကျေးဇူးတွေကို ခံစားနေကြတာဖြစ်ပါတယ်။
Václav Havel ရဲ့ ဘ၀ကနေ သစ္စာတရားရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေအတွက် အမှတ်ရစရာ ဖြစ်သလို၊ စိတ်ဓာတ်ကျစရာတွေကိုလည်း ထပ်သတိပေးနေပါတယ်၊ အဲဒါကတော့ သစ္စာတရားရဲ့ အောင်ပွဲဟာ ဘယ်သောအခါမှ ထာဝရမတည်မြဲနိုင်ဘူးဆိုတဲ့ အချက်။ မျိုးဆက်တိုင်းဟာ အစဉ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း၊ နည်းပညာတွေ အပေါ်မှာ စာရိတ္တ မဏ္ဍိုင်ကို ခိုင်မြဲအောင် ထိန်းကြောင်းဖို့ လိုတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဗားကလက် ဟာဗဲလ် ကွယ်လွန်ချိန်မှာ ရုရှားမှာ ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဆန္ဒပြနေကြတယ်၊ အီဂျစ်မှာ အာဏာကို ခိုင်ခိုင်မြဲမြဲ ချုပ်ကိုင်ထားတဲ့ စစ်တပ်ကို ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက  တော်လှန်နေကြတယ်၊ တရုတ်ပြည်က ကျေးလက်မှာ အဂတိ လိုက်စားတဲ့ အာဏာပိုင်တွေကို ဆန္ဒပြနေကြတယ်၊ အမေရိကန်က မြို့ကြီးတွေမှာ သံချပ်ကာ ယူနီဖောင်းဝတ်ထားတဲ့ ရဲတွေက  ဆန္ဒပြသမားတွေကို အကြမ်းဖက်ဖြိုခွင်းနေတယ်၊ ကမ္ဘာတ၀ှမ်းလုံးမှာ အာဏာနှင့် သစ္စာတရားတို့ တိုက်ပွဲထဲ ထိပ်တိုက်တွေ့နေကြတုန်းပါပဲ။
ကမ္ဘာ့ နေရာအသီးသီးက ဒီနေ့ ရုန်းကန်မှုတွေဟာ လောဘနှင့် အမှန်တရားတို့ရဲ့ တိုက်ပွဲကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီနေ့ စိန်ခေါ်မှုတွေနဲ့ ဗားကလက် ဟာဗဲလ် တို့ ခေတ်က စိန်ခေါ်မှုတွေ ကွဲပြားပေမယ့်လည်း အမှန်တရားနှင့် အသက်ရှင်ခြင်းဆိုတာကတော့ အရင်လိုပဲ အဖောက်မပြန် အရေးကြီးတုန်းပါပဲ။
ဒီနေ့ ကမ္ဘာကြီးရဲ့ အမှန်တရားက ငွေကြေးချမ်းသာတွေက ဓနကို အာဏာအဖြစ် ပြောင်းယူပြီး၊ သူတို့ ကိုယ်ပိုင်ဓနတွေ တိုးပွားအောင် အဲဒီအာဏာကို အလွဲသုံးစားကြတယ်၊ သူတို့ အာဏာတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီး၊ မတော်မတည့်တဲ့ အကြောင်းပြချက်တွေပေးပြီး စစ်ပွဲတွေကို ဖန်တီး၊ လူမှုရေး မငြိမ်သတ်မှုတွေဖြစ်အောင် သွေးထိုးပေး၊ ဆင်းရဲသားတွေရဲ့ ဆန္ဒကို လျစ်လျူရူ့ထားကြတယ်၊ ဒီလုပ်ရပ်ဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့သားသမီးတွေလည်း တန်ဖိုးကြီးကြီး ပေးရမယ်ဆိုတာကိုလည်း သိပုံမရကြပါဘူး။
ဒီနေ့ ခေတ်ရဲ့ စိတ်ဓာတ်ရေးရာခေါင်းဆောင်တွေဟာ ဟာဗဲလ် အုတ်မြစ်ချပေးခဲ့တဲ့ အပေါ်မှာ တည်ဆောက်ရမယ်။ လူတော်တော်များက အပြုသဘောအပြောင်းအလဲတွေ ဖြစ်မှ ဖြစ်ပါ့တော့မလားလို့ စိတ်ဓာတ်ကျနေတာလည်းရှိပါတယ်။
အင်အားကြီးမားတဲ့ ကော်ပိုရိတ်ကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေ၊ အလိမ်အညာ လူထုဆက်ဆံရေး နည်းလမ်းတွေ၊ ကိုယ့်အစိုးရတွေ ကိုယ်တိုင်က မရပ်မနား မုသားထုတ်လွှင့်ချက်တွေဟာ Havel တို့ ၊ Michnik တို့၊ Andrei Sakharov  တို့ ရင်ဆိုင်ခဲ့ရတဲ့ ရက်စက်တဲ့ ဆိုဗီယက်ခေတ်ရဲ့ အကြွင်းအကျန်တွေပါပဲ။
ဒီလိုကြီးမားတဲ့ မဟန့်အတားတွေရှိနေပေမဲ့ ကျနော်တို့  ကမ္ဘာတလွှား ဖြန့်ကျက်ထားတဲ့ လူမှု မီဒီယာတွေရှိနေပါတယ်၊ အထီးကျန်မှုတွေကို ကျော်လွှားပြိး ပြုပြင်ပြောင်းလဲမှုအသစ်တွေကို သန်းနဲ့ချီတဲ့ လူတွေရဲ့ ထောက်ခံမှုရအောင် ဆောင်ရွက်နိုင်ကြပါတယ်၊ အောင်မြင်ဖို့ ခက်ခဲ့တဲ့ နည်းလမ်းပဲ ဆိုဆို၊ မပြည့်မစုံ၊ ခနိုးခနဲ့ပဲဆိုဆို လူတော်တော်များများမှာ အနည်းဆုံးသော  ပြောရေးဆိုခွင့်၊ စုရုံးခွင့်တွေ ရှိကြပါတယ်။
နောက်ထပ် အလွန်ကြီးကျယ်ပြီး၊ အရေးကြီးတဲ့ ကျေးဇူးထူးတခုကတော့ ဘ၀ကို အမှန်တရားနှင့် နေထိုင်သွားတဲ့ Václav Havel လို လေးစားစရာပုဂ္ဂိုလ်တယောက် ကျနော်တို့ ရှေ့မှာ ရှိနေတာပါပဲ။
(Jeffery  D. Sachs ၏ The Power of Living in Truth ဆောင်းပါးကို ဘာသာပြန် ထားခြင်းဖြစ်ပါသည်။)
ညီစောလွင်
(စာရေးသူ Jeffrey D. Sachs သည် ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ပညာရှင်ဖြစ်ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေထွေအတွင်းရေးမှူးချုပ်၏ ထောင်စုနှစ်ရည်မှန်းချက်များ

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed