
ပြီးခဲ့သည့် အပြောင်းရွှေ့ကာလတွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (85) သန်းဖြင့် စပါးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဂရတ်ဘေးလ်သည် ယခင် 2009 ခုနှစ်က ပေါင်သန်း (80) ဖြင့် ကမ္ဘာ့ဈေးကြီးဆုံးသော ကစားသမားအဖြစ် ရပ်တည်နေသူ စီရိုနယ်လ်ဒို၏ စံချိန်ကို ရိုက်ချိုးပြီး အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည့်အတွက် သူတို့ နှစ်ဦးအား ပြိုင်ဘက်ကစားသမား နှစ်ယောက်အဖြစ် သတ်မှတ်ပြောဆိုလျက်ရှိသည်။
လက်ရှိအချိန်တွင် စီရိုနယ်လ်ဒိုနှင့် ဂရတ်ဘေးလ်တို့မှာ ပွဲစဉ် (6) ပွဲ အတူတကွ ကစားခဲ့ပြီး ထို (6) ပွဲတွင် သူတို့နှစ်ဦးမှာ သွင်းဂိုး (14) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်က “ဘယ်အရာမှ ပြိုင်ဆိုင်ခြင်း မရှိပါဘူး။ ကျွန်တော်နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်၊ သူဟာ ကျွန်တော့်ကို ကွင်းတွင်း၊ ကွင်းပြင် အများကြီး ကူညီပေးခဲ့သူဖြစ်ပါတယ်၊ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ ပျော်ရွှင်စွာ ယှဉ်တွဲကစားနေပါတယ်၊ ဒါကို သွင်းဂိုးတွေ၊ အပြန်အလှန် ဂိုးဖန်တီးပေးမှုက သက်သေပြနေပါတယ်” ဟု ပြောကြားခဲ့ပြီး သူတို့မှာ ပြိုင်ဘက်ကစားသမားများ မဟုတ်ကြောင်း၊ အသင်းအတွက် အောင်မြင်မှု ရရှိသည့် ရာသီတစ်ခု ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
စီရိုနယ်လ်ဒိုသည် လက်ရှိအချိန်တွင် နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကလပ်အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုးများ ဆက်တိုက် သွင်းယူပေးလျက်ရှိပြီး ယခုနှစ်ရာသီ (22) ပွဲတွင် (32) ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်မှာလည်း ရာသီအစတွင် ဒဏ်ရာကြောင့် ပွဲကစားခွင့် လွဲချော်ခဲ့ရပြီးနောက် ပါဝင်ကစားရသည့် ပွဲစဉ်များတွင် ခြေစွမ်းပြသလျက်ရှိပြီး နောက်ဆုံး ပွဲစဉ် (5) ပွဲတွင် (4) ဂိုး သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးပေးမှု အများဆုံး ကစားသမားစာရင်းတွင် ပါဝင်လျက်ရှိသည်။
ဂရတ်ဘေးလ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ပမာဏ (23) ယောက်တွင် စီရိုနယ်လ်ဒိုနဲ့ အတူ ပါဝင်လျက်ရှိသော်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုမှာ စီရိုနယ်လ်ဒိုအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂရတ်ဘေးလ်က “ကျွန်တော့်အတွက်တော့ သူဟာ (စီရိုနယ်လ်ဒို) ကမ္ဘာမှာ အကောင်းဆုံးကစားသမားပါ၊ ဘယ်သူမှ သူ့လို ကောင်းမွန်ခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်၏ နောက်ဆုံး ပွဲစဉ် (6) ပွဲတွင် ရရှိခဲ့သည့် သွင်းဂိုး (23) ဂိုးတွင် ဂရတ်ဘေးလ်နှင့် စီရိုနယ်လ်ဒိုတို့ နှစ်ဦးမှာ (14) ဂိုးအထိ သွင်းယူခဲ့ကြသည်။
စီရိုနယ်လ်ဒို၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (1) ကြိမ် - 2008
ဥရောပအကောင်းဆုံး ကစားသမား (1) ကြိမ် ) – 2008
လာလီဂါ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (1) ကြိမ် - 2010-11
ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (1) ကြိမ် -2007-08
ကမ္ဘာ့အကောင်းဆုံးဂိုး သွင်းယူသည့် ကစားသမားဆု (1) ကြိမ် -2009
ဥရောပ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (2) ကြိမ် -2007-08, 2010-11
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်နှင့် ကစားသမားဆု (2) ကြိမ် -2006-2007, 2007- 08
ဂရတ်ဘေး၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမား (1) ကြိမ် -2012-13
ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု (2) ကြိမ်၊ 2010-11, 2012-13
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်