ဒီပိုစ့်လေးမှာ ဖော်ပြမဲ့အကြောင်းအရာက ဟန်းဖုန်းနဲ့တစ်ထပ်တည်း တူအောင်ပြုလုပ်ထားတဲ့ သေနတ်အကြောင်း ပြောပြချင်တာပါ။ သိပြီးသူများလည်း ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ မသိသေးသူများအတွက် ရည်ရွယ်ပြီး ဗဟုသုတအနေနဲ့ရော၊ သတိထားနိုင်ဖို့ပါ တင်ပေးချင်တာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းကားတွေမှာတော့ နည်းပညာ အသစ်အဆန်းတွေနဲ့ တီထွင်ပြုလုပ်ထားတဲ့ ခေတ်မီ လူသတ် လက်နက်မျိုးစုံကို ကိုင်ဆောင်တာ မြင်ဖူးကြပေမဲ့ အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ ဟန်းဖုန်းနဲ့ တစ်ထပ်တည်းတူအောင် ပြုလုပ်ထားတဲ့ သေနတ်တွေ ရှိနေပြီ ဆိုတဲ့အကြောင်းလေး သတိပြုမိစေချင်ပါတယ်။ ဘယ်အရာမဆို သတိဆိုတာ ပိုတယ်မရှိလို့ ဆိုထားတယ် မဟုတ်လားရှင်။ ဟန်းဖုန်းသေနတ်အကြောင်းကို အောက်က ပုံတွေမှာ ဖော်ပြထားပါတယ်။
ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဟန်းဖုန်းတစ်လုံးနဲ့ ဘာမှ မခြားပါဘူး။ အရွယ်တူ၊ ပုံစံတူ၊ အပြင်ဘန်းသဏ္ဍာန်အားလုံး တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်ထားတဲ့ ပစ္စတိုလ်သေနတ် ဖြစ်ပါတယ်။ အထဲမှာ ပွိုင့်တူးတူး( .22) ကျည်ဆန် လေးတောင့်ပါဝင်ပြီး ဟန်းဖုန်းတစ်လုံးမှာ မပါမဖြစ် ပါဝင်တဲ့ ( Key Pad) ကီးပက်ပေါ်က ဂဏန်းတွေထဲကမှ နံပါတ် ၅, ၆, ၇, ၈ တို့ကို နှိပ်လိုက်မယ်ဆိုရင် ကျည်ဆန်တွေ အမြန်နှုန်းထားနဲ့ ပြေးထွက်လာမှာ ဖြစ်ပါတယ်။ ကျည်တစ်တောင့်ချင်းစီကို ၄င်းခလုပ်တစ်ခုစီနဲ့ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ( Antenna) အဲန်တင်နာလို တိုင်ကလေးဟာ ပြောင်းဝအဖြစ် ပြုလုပ်ထားပြီး ကီးပက်က ခလုပ်တစ်ခုကို နှိပ်လိုက်တာနဲ့ ကျည်ဆန်ဟာ အဲဒီ ပြောင်းဝကနေ ထွက်လာမှာပါ။ ထွက်လာတဲ့ ကျည်ဆန်ဟာ ၁၀မီတာကနေ ၁၂မီတာ( ၃၉ပေ) အထိ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ကျည်ဆန်များကို ထုတ်ပြစဉ်
ဖုန်းအတွင်းမှ ကျည်ဆန်များ
ဒါကတော့ ဟန်းဖုန်းသေနတ်ရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ရှင်းပြထားတဲ့ သရုပ်ပြပုံ ဖြစ်ပါတယ်။
ဖုန်းတွေမှာပါဝင်တဲ့ ဒီဂျစ်တယ် စခရင်လည်း ပါဝင်ပါတယ်။ ရုတ်တရက်ကြည့်ရင် ဖုန်းတစ်လုံးလို့သာ သိနိုင်မှာဖြစ်ပြီး သေနတ်မှန်း ဘယ်လိုမှ လွယ်ကူစွာခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ဟန်းဖုန်းတွေနဲ့ တစ်ထေရာတည်း တူညီတဲ့ သေနတ်တွေ ပေါ်လာတာကြောင့် ဥရောပနိုင်ငံများမှာတော့ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ဟန်းဖုန်းတွေအားလုံး X- ray ရောင်ခြည်အောက်မှာ ဖြတ်သန်းစစ်ဆေးနိုင်ဖို့ ကိရိယာများကို တတ်ဆင်ထားကြပါပြီ။ ဟန်းဖုန်းသေနတ်ကို လောလောဆယ် ကိုင်ဆောင်နေကြသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ မာဖီးယားဂိုဏ်ဟာ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် အတောအတွင်းကမှ အီတလီရဲတွေဟာ မာဖီးယားတွေဆီက ၄င်းသေနတ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အခြားသော ဥရောပနိုင်ငံ အချို့တွေမှာ ၄င်းဟန်းဖုန်းသေနတ်များကို မကြာခဏ ဖမ်းဆီးရမိနေတာကြောင့် ဒီလို သေနတ်မျိုးတွေဟာ လူတွေလက်ထဲမှာ ဘယ်လောက်များများ ရှိနေပြီလဲဆိုတာ စိုးရိမ်စရာဖြစ်နေပါပြီ။
ဟန်းဖုန်းသေနတ်ဟာ ပုံမှန်ဟန်းဖုန်းအစစ်ထက်တော့ အလေးချိန် ပိုများတယ်ဆိုတာတော့ ကိုင်ကြည့်ရင် ကွဲပြားသိသာစေတဲ့အချက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တကယ်လို့များ သင့်လက်ထဲမှာ ဟန်းဖုန်းတစ်လုံး မတော်တဆများ ရောက်လာခဲ့ရင် ပုံမှန်ဟန်းဖုန်းတစ်လုံးထက် လေးနေခဲ့ပြီဆိုရင် သက်ဆိုင်ရာဌာန တစ်ခုခုကို သွားရောက် အကြောင်းကြားပြီး သေနတ်လား၊ ဟန်းဖုန်းလားဆိုတာ စစ်ဆေးခိုင်းသင့်ပါပြီ။
အင်တာနက်က ဖတ်မိတာလေးကို ဗဟုသုတအဖြစ်ရယ်၊ သတိထားနိင်စေဖို့ရယ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
--
ဖိုးခိုင်
Czech Republic
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်