ယခု ဩဂုတ်လ ၁၃ ရက်နေ့သည် အရှေ့ဂျာမဏီနှင့် အနောက် ဂျာမဏီကို ခွဲခြားထားတဲ့ ဘာလင်တံတိုင်း စတင် တည်ထောင်ခဲ့တဲ့ နှစ် (၅၀) ပြည့်နေ့ ဖြစ်သည်။
သမိုင်းကိုပြန်ကြည့်ရင် ၁၉၄၅ ခုနှစ် မေလမှာ ဂျာမဏီ ဒုတိယကမ္ဘာစစ် ရှုံးပြီးနောက်၊ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နဲ့ ပြင်သစ် မဟာမိတ်အုပ်စုက ဂျာမဏီကို သိမ်းပိုက်ပြီး ဘာလင်မြို့ကို ဇုံလေးခုပိုင်း အုပ်ချုပ်ခဲ့သည်။ အဓိကရည်ရွယ်ချက်က ဂျာမဏီ နောက်တစ်ကြိမ် စစ် မစတင်နိုင်အောင်နဲ့ ဂျာမန်တွေ အမြဲတမ်း ချိနည့်သွားစေဖို့ ဖြစ်သည်။
ဒါပေမဲ့ ဆိုဗီယက်နဲ့ အနောက်အုပ်စုများကြား ဂျာမဏီရဲ့ ဇုံတွေအပေါ် အုပ်ချုပ်ရေး သဘောတူညီမှု မရနိုင်အောင် ဖြစ်ခဲ့ကြသည်။ ဆိုဗီယက် အုပ်ချုပ်တဲ့ဇုံက ကွန်မြူနစ်စနစ်ကို အသက်သွင်းချင်ပြီး၊ အနောက်အုပ်စုက အရင်းရှင်စနစ်နဲ့ ဒီမိုကရေစီကို ကျင့်သုံးချင်ကြသည်။

အကျိုးဆက်အဖြစ် ၁၉၄၉ ခုနှစ်မှာ ဂျာမဏီ နှစ်နိုင်ငံ ဖြစ်သွားခဲ့ရသည်။ ၁၉၅၂ ခုနှစ်မှာ သံဆူးကြိုးနဲ့ နယ်ခြားအကန့်အသတ်တွေ ထားခဲ့ပေမယ့် နှစ်နိုင်ငံ ဂျာမန်ပြည်သူများအနေဖြင့် အတားအဆီးမရှိ သွားလာနိုင်ကြသည်။ ၁၉၄၉ နဲ့ ၁၉၆၁ ခုနှစ်အကြား အရှေ့ဘက်မှ ဂျာမန် ၂ သန်းကျော် အနောက်ဘာလင်ကို ဖြတ်ပြီး အနောက်နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။
၁၉၆၁ ခုနှစ် ဩဂုတ်လမှာတော့ ဘာလင်တံတိုင်းကြီးကို စတင်တည်ထောင်ခဲ့ကြသည်။ ဆိုဗီယက် ခေါင်းဆောင် ခရူးရှော့ဗ် က ဆိုဗီယက်အုပ်စုတစ်ခုလုံးရဲ့ ကွန်မြူနစ်ဝါဒ ရှင်သန်စေဖို့အတွက် ဂျာမန်ဆိုရှယ်လစ်ခေါင်းဆောင် ဝေါလ်တာ အူဘရစ်ခ်ျ နဲ့ တိုင်ပင်ပြီး ဘာလင်ကို အရှေ့နဲ့ အနောက် လုံးဝ ခြားထားဖို့ ကွန်ကရစ်တံတိုင်းကြီး တည်ဆောက်ခဲ့သည်။ ၄င်းဘာလင်တံတိုင်းက စစ်အေးခေတ် ကွန်မြူနစ်အုပ်စုနှင့် အရင်းရှင်အုပ်စု အားပြိုင်ပွဲအတွက် အဓိက သင်္ကေတ ဖြစ်နေခဲ့ရသည်။
ဘာလင်တံတိုင်း တည်ဆောက်ပြီးနောက် ဘာလင်မြို့မှာ နေ့ချင်းညချင်း အပြောင်းအလဲတွေ ဖြစ်သွားသည်။ လမ်းများ၊ မြေအောက်ရထား၊ ဘတ်စ်ကား၊ မြစ်ချောင်းတွေကအစ အရာရာ ခွဲခြားမှုတွေ ရှိလာသည်။ မိသားစုများ၊ မိတ်ဆွေများ၊ ချစ်သူများ၊ ကျောင်းများ၊ လုပ်ငန်းများမှာ ပိုင်းခြားမှု ခွဲခြားမှုတွေ ဖြစ်လာသည်။ အရှေ့ဂျာမဏီ အစိုးရလက်အောက်မှာ ပညာတတ်တွေ အပါအ၀င် ထောင်သောင်းချီ သတ်ဖြတ်ခံခဲ့ရသည်။
၁၉၈၉ နိုဝင်ဘာမှာတော့ ဂျာမန်ပြည်သူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုလှဲလိုက်ပြီး မိသားစုများ ပြန်လည်စုံစည်း ပျော်ရွှင်နိုင်ခဲ့ကြသည်။ ၁၉၉၀ အောက်တိုဘာ ၃ ရက်မှာ အရှေ့ဂျာမဏီ ဆိုရှယ်လစ် အစိုးရ ပြိုလဲပြီး ဂျာမဏီပြည် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။

ဘာလင်တံတိုင်း ပြိုလဲမှုက ဘာလင်အတွက်သာမက၊ စစ်အေးခေတ် နိဂုံးချုပ်မှု၊ ကွန်မြူနစ်စနစ် အဆုံးသတ်မှု၊ ကမ္ဘာ့ အာဏာရှင်တံတိုင်းများ ပြိုလဲမှု တို့အတွက်ပါ ရည်ညွှန်းစရာ ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အောင်ပွဲကြီးအဖြစ် ဂုဏ်ယူစရာ ဖြစ်သည်။
မောက္ခ နိုင်ငံတကာသတင်း
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်