
ဩဂုတ်လ ၁၀ နေ့မှာ တရုတ်ရေတပ်က နှစ်ပေါင်းများစွာ လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့ သူတို့ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးကို စတင်ရေချခဲ့သည်။
တရုတ်အစိုးရပိုင် မီဒီယာများက တရုတ်ရဲ့ ပင်လယ်ပြာစိုးမိုးရေး အင်အားပြမှုအဖြစ် လေယာဉ်တင် သင်္ဘောကို ဂုဏ်ယူချီးမွှမ်းခန်းများ ဖွင့်ခဲ့ကြသည်။ သို့သော် တရုတ်ရဲ့ အိမ်နီးချင်း အာရှနိုင်ငံများစွာက ၀မ်းမြောက်ဝမ်းသာဖြစ်ပုံ မပြခဲ့ကြ။
တရုတ် အစိုးရမီဒီယာက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သင်္ဘောကို အရှေ့မြောက်ဖက် ဆိပ်ကမ်းမြို့ ဒါလီယန် မှာ ရေချမယ်လို့ အရိပ်အမြွက်ပြောဆိုမှု ရှိပေမဲ့၊ တရုတ်ရေတပ်က ဘယ်ရက် ရယ်လို့ အတိအကျမပြောဘဲ ဆိတ်ဆိတ် နေခဲ့သည်။ ဇူလိုင် ၁ ရက်၊ ကွန်မြူနစ်ပါတီ နှစ် (၉၀) ပြည့်နေ့မှာ စတင်ရေချမယ်လို့ ထင်ခဲ့ကြသည်။ အဲဒီလို တရုတ်စစ်တပ်ပိုင်းက မြုံစိစိလုပ်လေ၊ ပြင်ပမှ တရုတ်စစ်ရေးကို စိတ်ဝင်စားသူများအကြား စပ်စုကြလေ ဖြစ်ခဲ့ရသည်။
တရုတ်က ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက လေယာဉ်တင်သင်္ဘောတည်ဆောက်ရေး စီမံကိန်းကို ကျိတ်ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ် ပဋိပက္ခနဲ့ အာရှပင်လယ်ပြင် စိုးမိုးထားရေးအတွက် အဓိက အသုံးအ၀င်ဆုံး လက်နက်က လေယာဉ်တင် သင်္ဘော ဖြစ်မှာကို တရုတ်ခေါင်းဆောင်များ သဘောပေါက်ထားကြသည်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ် စစ်ရေး စီမံကိန်းမှာ ဦးစားပေးအဖြစ် လေယာဉ်တင် သင်္ဘောကို အမြန်ဆုံး အကေင်ထည်ဖော်ကြခြင်း ဖြစ်သည်။
တရုတ်စစ်တပ်က မြေပြင် အခြေစိုက် လေယာဉ်တွေနဲ့ မစ်ဇိုင်းတွေကို အထိုက်အသင့် တပ်ဖြန့်ချထားပြီး ဖြစ်ပေမဲ့၊ အာဏာဝါ ပင်လယ်ရေကြောင်း စိုးမိုးရေးအတွက် လေယာဉ်တင် သင်္ဘောက မရှိမဖြစ် လိုအပ်နေတာမို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး အဲဒီ စီမံကိန်းကို အသည်းအသန် အကောင်အထည် ဖော်ခဲ့သည်။
ဒေသတွင်း အခြားနိုင်ငံများကတော့ တရုတ်က တောင်တရုတ်ပင်လယ်ကို အသေချာစိုးမိုးဖို့ ပြင်ဆင်နေတာကို သိထားသည်။ ဒါကြောင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင် တို့က မကြာခင် တရုတ်ရဲ့ အတင့်ရဲလွန်းနေတဲ့ အပြုအမူတွေအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။
သို့နှင့်တိုင် အာရှရဲ့ အာဏ၀ါပြင်မှာ ဩဇာထူထောင်ထားတဲ့ အမေရိကန် ရေတပ်ကတော့ တရုတ်ရဲ့ လေယာဉ်တင်သင်္ဘော စတင်မှုကို စိုးရိမ်ပုံသိပ်မပြ။ တရုတ်ရေတပ်အနေဖြင့် ပင်လယ်ပြင်ကို အမှန်တကယ် စိုးမိုးနိုင်ဖို့၊ နောက်ထပ် လေယာဉ်တင် သင်္ဘောနှစ်စီးလောက်နဲ့အတူ နှစ်များစွာ အချိန်ယူရဦးမည်ဟု တွက်ချက်ထားသည်။ ဒါပေမဲ့ တရုတ်က ရေငုတ်သင်္ဘောနဲ့ ဖိုက်တာဂျက် အရေအတွက် အများအပြား တည်ဆောက်လာမှုကိုတော့ သတိထား စောင့်ကြည့်နေသည်။
စင်စစ် အမေရိကန် အနေဖြင့် တရုတ်စစ်ရေးပါဝါကို စစ်အေးခေတ်က ဆိုဗီယက်ပြည်ထောင်စု လောက် မလန့်။ တရုတ်က အမေရိကန် ရေတပ်ရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ စွမ်းဆောင်နိုင်မှုကို ဖက်ပြိုင် စိန်ခေါ်နိုင်ဖို့ အများကြီးဝေးသေးတယ်ဟု ယူဆထားသည်။ လက်ရှိ လေယာဉ်တင်သင်္ဘော စီမံကိန်းက တရုတ် ဂုဏ်သိက္ခာနဲ့ ဒေသတွင်း ခွန်အားပြဖို့အတွက်သာဟု အမေရိကန် စစ်တပ်ပိုင်းက ယူဆထားသည်။
တရုတ်က ကုလသမဂ္ဂ ဗီတိုအာဏာသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် လေယာဉ်တင် သင်္ဘော မရှိတဲ့ နိုင်ငံအဖြစ်နေခဲ့ရတာကို အမြဲတမ်း သိမ်ငယ်ခဲ့ပုံရသည်။ ပြိုင်ဖက် အိန္ဒိယမှာတောင် လေယာဉ်တင်သင်္ဘော တစ်စီး ရှိသည်။ ထိုင်းမှာလည်း အသေးတစ်စီး ရှိထားသည်။ ဂျပန်မှာလည်း ရဟတ်ယာဉ်နဲ့ ဖိုက်တာဂျက်တင် သင်္ဘောကြီး တစ်စီးရှိသည်။
သို့သော် ဂုဏ်သိက္ခာအတွက် ဆိုပေမဲ့၊ ယခု လေယာဉ်တင် သင်္ဘောတည်ဆောက်မှုက တရုတ်ရဲ့ နည်းပညာစွမ်းရည် မြင့်မားကြောင်းကို မပြသနိုင်။ ဒီသင်္ဘောကြီးက ဆိုဗီယက်လုပ်ဖြစ်ပြီး၊ ၁၉၉၈ ခုနှစ်မှာ ယူကရိန်း ဆီကနေ ပြန်ဝယ်ထားခြင်း ဖြစ်သည်။
ယူကရိန်းကို ဆိုဗီယက်ရောင်းခဲ့စဉ်က လေယာဉ်တင်သင်္ဘော အတွက်မဟုတ်။ ရေပေါ် ကာစီနိုလောင်းကစားပွဲရုံ လုပ်ဖို့အတွက် သင်္ဘောကို အင်ဂျင်မပါ၊ လက်နက်များမပါဘဲ ရောင်းခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတော့ တရုတ်က ကာစီနိုသင်္ဘောဟောင်းကို ပြုပြင်ဖာထေးပြီး လေယာဉ်တင် စစ်သင်္ဘော လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုထိ တရုတ် လေယာဉ်တင်သင်္ဘောကြီး ရေချပြီးပေမယ့် နာမည် မပေးရသေး။ ဆိုဗီယက်နဲ့ ယူကရိန်းတို့ လက်ထက်မှာက ဗာယာဂ် (Varyag) ဆိုတဲ့ အမည်နဲ့ ဖြစ်သည်။ တရုတ် အင်တာနက် အသုံးပြုသူများကတော့ သူတို့ သင်္ဘောကြီးကို အွန်လိုင်းကနေ အမည်အမျိုးမျိုး အကြံပြုနေကြသည်။
တစ်ချို့ကလည်း တရုတ်ပြည်နယ် အမည်တွေ မှည့်စေချင်သည်။ အချို့ကတော့ ၁၇ ရာစုမှာ ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့တဲ့ တရုတ် ရေတပ်စစ်သူရဲကောင်း 'ရှီလန်း' ရဲ့ အမည်ကို ပေးစေချင်သည်။
လတ်တလော ပြည်မပေါက်ဖော်တို့အဖို့ ကာစီနိုပွဲရုံတဖြစ်လဲ လေယာဉ်တင်သင်္ဘောကို နာမည် ကင်ပွန်းတပ်ဖို့ အလုပ်ရှုပ်နေကြဦးမည်။
Source: Time & IHT & Economist
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်