ဟန်ဦးခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားကွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
နေပြည်တော်ရှိ တည်ဆောက်ရေး လုပ်ငန်းအချို့ကို ဇူလိုင်လမှစ၍ ရပ်နား ထားခဲ့သော်လည်း အဆိုပါ ဘောလုံး ကွင်းတည်ဆောက်ရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ဘောလုံးကွင်း တည်ဆောက်ရေး တာဝန်ခံတစ်ဦးက ပြောသည်။
"နေပြည်တော်မှာရှိတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတချို့ရပ်ထားပေမယ့် ဇမ္ဗူ သီရိနဲ့ ဇေယျာသီရိဘောလုံးကွင်း နှစ်ကွင်း တည်ဆောက်ရေး လုပ်ငန်းကတော့ ပုံမှန်အတိုင်း သွားနေပါတယ်။ နှစ်ကွင်းစလုံးမှာ အမိုး တပ်တဲ့ အဆင့်ကို ရောက်နေပြီဆိုတော့ တည်ဆောက်မှု လုပ်ငန်းက ၇၀ ရာခိုင်နှုန်းပြီးနေပြီလို့ ပြောလို့ရပါတယ်။ ဒီနှစ်ကွင်းစလုံးကို ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်ခင် အပြီး တည်ဆောက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါဘောလုံးကွင်းနှစ်ကွင်းကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အထူးတန်းနှင့် ရိုးရိုးတန်းအပါအ၀င် ပရိသတ် ၃၀,၀၀၀ ခန့်ဆံ့သည့် ပွဲကြည့်စင်များ ပါဝင်သည်။
မက်စ်မြန်မာကုမ္ပဏီများအုပ်စုမှ တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘောလုံးကွင်း နှစ်ကွင်းအပြင် မိုးလုံ လေလုံ အားကစား ရုံနှစ်ရုံ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ပြီး အဆိုပါ အားကစားရုံ နှစ်ရုံကိုလည်း စတင်တည်ဆောက်နေ ပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
"အားကစားရုံနှစ်ရုံကလည်း ဇမ္ဗူသီရိ နဲ့ ဇေယျာသီရိပဲ။ ဘောလုံးကွင်းတွေနဲ့ နာမည်အတူတူပဲ။ အားကစားရုံနှစ်ရုံ စလုံးအတွက် Foundation ချတဲ့ အဆင့်တော့ ပြီးပြီ။ ဒီအားကစားရုံတွေလည်း ၂၀၁၃ ခုနှစ်မတိုင်ခင် အပြီးဆောက်ရ မှာပဲ"ဟု ၎င်းကပြောသည်။
ဇမ္ဗူသီရိနှင့် ဇေယျာသီရိအားကစား ရုံနှစ်ရုံစလုံးသည် ၅၂၅,၇၈၇ စတုရန်း ပေစီ ကျယ်ဝန်းပြီး ပရိသတ် ၁၁,၀၀၀ ခန့်စီ ၀င်ဆံ့မည် ဖြစ်သည်။ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စုမှ တည်ဆောက်ပေးလျက်ရှိသော ဘောလုံးကွင်းများနှင့် အားကစားရုံများသည် နိုင်ငံတော် အစိုးရ၏ ငွေကြေးပံ့ပိုးမှုဖြင့် ယမန်နှစ်ကပင် စတင်တည်ဆောက်နေခြင်း ဖြစ်သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်