
သာယာ လှပနေသော ကာရေဘီယန် ဒေသ ပင်လယ်ပြင်အတွင်းရှိ ဇိမ်ခံကျွန်း တစ်ခုတွင် ရုရှား ဘီလျံနာကြီးက အထူး ပျော်ရွှင် ကြည်နူးဖွယ် ပါတီပွဲ အတွက် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ အေဗရာမိုဗစ်ခ်ျသည် ပေါင်စတာလင် (၅)သန်းတန် ပါတီပွဲ အတွက် ဧည့်ပရိသတ် (၃၀၀)ကို သီးခြား ဖိတ်ကြားထားသည်။ အသက်(၄၅)နှစ်ရှိ သူဌေးကြီးသည် အသက်(၃၀)အရွယ် ချစ်သူ ဒါရှာဇူကိုဗာနှင့် အတူ စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ ဇိမ်ခံ ရွက်လှေကြီးနှင့် အတူ အေဗရာမိုဗစ်ခ်ျသည် နှစ်သစ်ကူး ကာလကို အေးအေးလူလူ ဖြတ်သန်းမည် ဖြစ်သည်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ
အေဗရာမိုဗစ်ခ်ျသည် Red Hot Chili Peppers အဖွဲ့ကိုလည်း ဖျော်ဖြေပွဲ အတွက် ကြိုတင် ငှားရမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဧည့်ခံပွဲ ကျင်းပနေစဉ် လုံခြုံရေးကို တိုးမြှင့်ထားမည် ဖြစ်ပြီး ဖိတ်ကြား ခံထားရသူများမှ လွဲ၍ မည်သူ့ကိုမျှ အ၀င်ခံမည် မဟုတ်ဟု သိရသည်။ နှစ်သစ်ကူး အကြိုနေ့ည (၁၀)နာရီတွင် စတင်မည့် ပွဲသည် နောက်နေ့မနက် (၄)နာရီထိ ကြာမြင့်ဖွယ်ရှိသည်။ အေဗရာမိုဗစ်ခ်ျသည် အော်လန်ဒိုဘလွန်း၊ ကင်ယီဝက်စ်တို့ကဲ့သို့ ဧည့်သည်တော်များကို ဖိတ်ကြားကာ Prince၊ ဂွင်းစတက်ဖ်နီနှင့် ဘီယွန်းစ်နိုးလ်တို့၏ ဖျော်ဖြေမှုများကို ထည့်သွင်းပြီး ပေါင်စတာလင် (၃)သန်းတန် ဧည့်ခံပွဲ ကျင်းပခဲ့သည်။ ယမန်နှစ်ကလည်း အေဗရာမိုဗစ်ခ်ျ၏ ပါတီပွဲသည် ပေါင်စတာလင် (၅)သန်းမျှ ကုန်ကျသည် အထိ ကြီးကျယ်ခမ်းနားခဲ့ပြန်သည်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၏ ဇိမ်ခံသင်္ဘော
အေဗရာမိုဗစ်ခ်ျနှင့် ဇူကိုဗာတို့သည် ခရစ္စမတ် ကာလကတည်းက စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီး ခရစ္စမတ်ပွဲတော်ကို အရှည် (၅၄၃)ပေရှိ ဇိမ်ခံရွက်လှေ Eclipseပေါ်တွင် ဆင်နွှဲခဲ့သည်။ အဆိုပါ ရွက်လှေသည် ပေါင်စတာလင် သန်း(၃၀၀) တန်ဖိုးရှိပြီး အေဗရာမိုဗစ်ခ်ျနှင့်အတူ သီးခြား ဧည့်သည်တော် (၁၂)ဦး၊ သက်တော်စောင့် (၅)ယောက်တို့ လိုက်ပါလာသည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး စာရင်းဝင် ရွက်လှေတစ်စင်းဖြစ်သော Eclipseပေါ်တွင် ရုပ်ရှင်ရုံ တစ်ခု၊ စာကြည့်တိုက်နှင့် စားသောက်ခန်းမတို့ ပါရှိကာ ပါပါရာဇီများ၏ ချဉ်းကပ်မှုကို ကာကွယ်သည့် ဒိုင်းများ၊ အနီအောက်ရောင်ခြည် စနစ်များ တပ်ဆင်ထားကြောင်း သိရှိရသည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...