![]()
ချယ်ဆီးအသင်းကို ကျွန်တော် ပြန်လာနည်းပြ ပါလိမ့်မယ်။ ဂျို့စ်မော်ရင်ဟို (ရီးရဲမက်ဒရစ်နည်းပြ)
ယခုရီးရဲမက်ဒရစ် နည်းပြဖြစ်သူ ဂျို့စ်မော်ရင်ဟိုသည် ယခုနွေရာသီချိန်တွင် စပိန်အသင်းကြီး ရီးရဲမက်ဒရစ်မှ ထွက်ခွာ၍ အင်္ဂလန်နိုင်ငံသို့ ပြန်လာပြီး ချယ်ဆီးမန်နေဂျာအဖြစ် အံ့အားသင့်ဖွယ် တဖန်ပြန်လည်နည်းပြရန် အဆင်သင့် ဖြစ်နေကြောင်း ဆန်းသတင်းစာအရ သိရှိရသည်။
ချန်ပီယံလိဂ် ဆုဖလားကို နှစ်ကြိမ်ကိုင်မြှောက်ထားနိုင်သည့် မော်ရင်ဟိုသည် စတန်းဖို့ဒ် ဘရေ့ခ်ျအသင်းကို ကိုင်တွယ်နည်းပြစဉ် ၃နှစ်တာ ကာလအတွင်း ဆုဖလား၆လုံး ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းဟောင်းချယ်ဆီးနှင့် ပြန်လည်လက်တွဲ အလုပ်လုပ်ရန် စိတ်အားထက်သန်လျက် ရှိနေသည်။ ၎င်းချယ်ဆီးအသင်းကို ကိုင်တွယ်နည်းပြစဉ် ပြည်တွင်းဖလား ပြိုင်ပွဲ၎ခုလုံးကို အောင်ပွဲခံနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် လုပ်ငန်းမပြီးပြတ်သေးသည်ဟု ယုံကြည်နေကြောင်း၊ အသင်းဟောင်းပေါ်တိုနှင့် အင်တာမီလန်အသင်းတို့တွင် ရရှိခဲ့သည့် ၎င်း၏ထိပ်တန်း ရည်မှန်းချက် ချန်ပီယံလိဂ် ဆုဖလားကို အသင်းပိုင်ရှင် မိုဗစ်နှင့် လက်တွဲ၍ ချယ်ဆီးအသင်းကို ထပ်မံဖြည့်ဆီးပေးရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း မော်ရင်ဟို ချယ်ဆီးအသင်းသို့ ပြန်လာရာတွင် အဓိက ဖြစ်စေမည့် အတားအဆီး တစ်ခုမှာ မော်ရင်ဟို တောင်းဆိုမည့် ကလပ်အသင်းကို ၀င်ရောက်မစွပ်ဖက်ပဲ အလုံစုံ ထိန်းချုပ်ကိုင်တွယ်ခွင့်ကို ပိုင်ရှင် ဘီလျှံနာ ရိုမန်အီဗရာမိုဗစ်မှ ပေးရမည့် အချက်ဖြစ်နေကြောင်းနှင့် ထိုသဘောတူညီချက်သာ ရရှိခဲ့ပါက အပြာရောင်အသင်းကို ပြန်လည်တောက်ပစေမည်ဟု မော်ရင်ဟိုမှ အာမခံပြောကြားခဲ့ကြောင်း၊ မော်ရင်ဟိုနှင့် နီးစပ်သည့် ထိပ်တန်းအတွင်းလူ တစ်ယောက်က ပြောဆိုခဲ့သည်။
ဂျို့စ်တစ်ယောက် ချယ်ဆီးအသင်းကို ပြန်သွားပါလိမ့်မယ်။ အခုချိန်မှာ ချယ်ဆီးအသင်း ကမှောက်ကမ အခြေအနေမှာ ရှိနေတာကို သူသိထားပါတယ်။ ဒါအပြင် ချယ်ဆီးအသင်းကို ပြန်လာဖို့နဲ့ အရင်တုန်းကလိုမျိုး တောက်ပတဲ့နေ့ရက်တွေ ထပ်တူညီစွာ ပြုလုပ်ဖို့ ခက်ခဲတယ်ဆိုတာကိုလည်း သူသိထားပါတယ်။ ချယ်ဆီးအသင်းကို သူပထမဆုံး ကိုင်တွယ်နည်းပြစဉ် နှစ်နှစ်တာကာလအတွင်းမှာ နှစ်၅၀ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နှစ်နှစ်ဆက် အောင်ပွဲခံနိုင်ခဲ့တာကလည်း မယုံကြည်နိင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အသင်းပရိတ်သတ်တွေရဲ့ အချစ်ကို သူ ရရှိနေဆဲဖြစ်ပြီး သူကလည်း ချယ်ဆီးအသင်းကို ချစ်နေတုန်းပါပဲ။ အဲဒီတုန်းက နေ့ရက်တွေက သူနဲ့ အသင်းပရိတ်သတ်အတွက် နေ့ထူးနေ့မြတ်တွေပါပဲ။ ဒါပေမယ့် ချယ်ဆီးအသင်းကို ပြန်လာဖို့ သဘောတူညီမှု မပြုလုပ်ခင်မှာ သူနဲ့မိုဗစ်ကြားမှာ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့ကို သူလိုလားပါတယ်။
ရိုမန်ရေ…ချယ်ဆီးအသင်းမှာ ခင်ဗျားက အသင်းပိုင်ရှင်ဖြစ်ပြီး ကျွန်တော်က နည်းပြပါ။ အတူတူလက်တွဲ အလုပ်လုပ်ကြပါစို့။ အသင်းရဲ့ ထိန်းချုပ်ခွင့်က ကျွန်တော်တို့ လက်ထဲမှာပါလို့ သူ ပြောဆိုသွားမှာပါ။ ဒီပြောဆိုမှုကိုသာ လက်ခံခဲ့ရင် ဂျို့စ်အတွက် ပြီးပြည့်စုံတဲ့ လက်တွဲမှု ဖြစ်လာစေမှာပါဟု မော်ရင်ဟိုနှင့် နီးစပ်သည့် ထိပ်တန်းအတွင်းလူ တစ်ယောက်မှ ပြောဆိုခဲ့သည်။
ချယ်ဆီးပိုင်ရှင် အီဗရာမိုဗစ်ခ်ျသည် ၂၀၀၇ခုနှစ်တွင် နည်းပြမော်ရင်ဟို ချယ်ဆီးအသင်းနှင့် အံ့အားသင့်ဖွယ် လမ်းခွဲခဲ့ချိန်မှစ၍ အေဗရာ ဂရန့်၊ ဖီးလ် စကိုလာရီ၊ ဂူးစ် ဟစ်ဒင့်၊ ကားလို့ အန်ဆယ်လော့တီနှင့် မော်ရင်ဟို၏ တပည့်ဟောင်း အန်ဒရီ ဗီလပ်စ်-ဘိုအာစ်တို့ကို ခန့်အပ်၍ လန်ဒန်အသင်းအတွက် အောင်မြင်မည့် မန်နေဂျာများကို ကြိုးစားရှာဖွေခန့်အပ်ခဲ့သည်။ သို့သော်လည်း ထိုနည်းပြအားလုံး၏ စွမ်းဆောင်ရည်သည် မော်ရင်ဟို ရယူပေးခဲ့သည့် အောင်မြင်မှုများကို မနှိုင်းယှဉ်နိုင်ပဲ ဖြစ်နေခဲ့သည်။
ချယ်ဆီးအသင်းကို ခဏတာ နည်းပြခဲ့သည့် ဂူးစ်ဟစ်ဒင့်သည် အက်ဖ်အေဆုဖလား ရရှိအောင် နည်းပြနိုင်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီသည် အက်ဖ်အေဖလားနှင့် ပရီးမီးယားလိဂ်ဖလား ပူးတွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ယခုနည်းပြ ဗီးလပ်စ်-ဘိုအာစ်လက်ထက်တွင် ချယ်ဆီးအသင်းသည် စိတ်ပျက်ဖွယ်ကစားပုံ၊ စိတ်ပျက်ဖွယ်ရလာဒ်များဖြင့် အဆင့်လေးနေရာတွင် ရပ်တည်နေသည်။ မိုဗစ်သည် ဗီလပ်စ်-ဘိုအာစ်ကို ခေါ်ယူရန်အတွက် ဘိုအာစ်၏ သုံးနှစ်တာ စာချုပ်အတွက် ပေါင်၁၂သန်း၊ ပေါ်တိုအသင်းကို နှစ်နာကြေးပေးချေငွေ ၅သန်းနှင့် အန်ဆယ်လော့တီ၏ နည်းပြကြေးများအပါအ၀င် ပေါင်၂၅သန်း သုံးစွဲခဲ့သော်လည်း မော်ရင်ဟို၏ အောင်မြင်မှုကို လိုက်မမှီပဲ ရှိနေခဲ့သည်။
|
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com