![]()
အင်ဒို-မြန်မာ ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြီး မြန်မာအသင်းအား ချီးကျုးလိုက်သည့် အင်ဒိုနီးရှား လက်ထောက်နည်းပြ
အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ ကစားသွားခဲ့ကြသော ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား ယူ-၂၁ အသင်း၏ လက်ထောက်နည်းပြက ဖွင့်ဟပြောကြား သွားခဲ့သည်။
အင်ဒိုနီးရှား ယူ-၂၁ အသင်းသည် ပထမပိုင်းတွင် မြန်မာအသင်းအား (၁-၀)ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း၊ ပွဲအပြီးတွင် မြန်မာလူငယ်အသင်းအား (၃-၁)ဂိုးဖြင့် လက်မြှောက်အရှုံးပေးခဲ့ရသည်။ အင်ဒိုနီးရှား လက်ထောက် နည်းပြက - "သူတို့(မြန်မာ) ကစားသွားတာ အရမ်းကောင်းပါတယ်၊ ကျွန်တော်ဝန်ခံပါတယ်၊ သူတို့အသင်းက ပိုကောင်းလို့ နိုင်သွားတယ်ဆိုတာ၊ ဒီပွဲမကစားခင်မှာ မြန်မာက နားချိန်(၃)ရက်တိတိ ရခဲ့တယ်၊ ကျွန်တော်တို့မှာ နားချိန် (၁)ရက်ပဲ ရခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ ကျွန်တော် ဆင်ခြေဆင်လက်တွေ ပေးနေတာမဟုတ်ပါဘူး" "ပထမပိုင်းမှာတော့ ကျွန်တော်တို့အသင်းက ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်၊ ပရိတ်သတ်တွေရဲ့ အားပေးမှုကလည်း အသင်းကို အတော်လေး အထောက်အပံ့ ဖြစ်စေခဲ့တယ်၊ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အသင်းက အာရုံစူးစိုက်မှုတွေ လျော့နည်းလာတယ်" "ဒီပွဲမှာ အဓိက မြန်မာအသင်းကို တွန်းအားဖြစ်စေခဲ့ တာကတော့ ဒုတိယပိုင်း ချေပဂိုးပါပဲ၊ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အရမ်းကိုသေသပ်ကောင်းမွန်လှတဲ့ ကစားပုံနဲ့ ကစားနိုင်ခဲ့တယ်၊ သူတို့ရဲ့ one-two အပေးအယူတွေက အရမ်းကောင်းတယ်၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကွင်းလယ်ကို မာမာထန်ထန် ထိန်းချုပ် ကစားနိုင်ခဲ့တယ်၊ အနှစ်ချုပ်ကတော့ ဒီပွဲဟာ အရမ်းကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ" ဟု ချီးကျူးသွားခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပိုင်း ကျော်ကိုကို၏ အနိုင်ဂိုး(၂)ဂိုးကြောင့် အုပ်စုပထမ နေရာကို ဆုပ်ကိုင် နိုင်ခဲ့သလို၊ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ရန် အကောင်းဆုံး အနေထားတွင် ရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်အသင်းကို (၈-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သလို၊ အင်ဒိုနီးရှား အသင်းကိုလည်း (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့်၊ ယခုပြိုင်ပွဲတွင် (၂)ပွဲကန်ပြီး ရလာဒ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် လာအိုကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း၊ စင်ကာပူအသင်းကို (၁-၁)ဂိုးဖြင့် သရေကျ ခဲ့သောကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရန် လာမည့်ပွဲစဉ်တွင် ရင်ဆိုင်ရမည့် ဖိလစ်ပိုင်းအသင်းကို မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေသည်။ အင်ဒိုနီးရှား လက်ထောက်နည်းပြက - "ပြီးခဲ့တဲ့ ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သင်ခန်းစာ အများကြီး ရခဲ့ပါတယ်၊ ကျွန်တော် အရင်က ပြောခဲ့သလိုပေါ့၊ ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေဟာ နိုင်ငံတကာပွဲ အတွေ့အကြုံ လုံးဝမရှိသေးပါဘူး၊ အသင်းခေါင်းဆောင် အန်ဒစ်ခ် တစ်ယောက်ကလွဲလို့ပေါ့၊ ကျွန်တော်တို့ ဖိလစ်ပိုင်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ပြီး ကောင်းမွန်တဲ့ ရလာဒ်ရအောင် စွမ်းဆောင်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်၊ ဒါမှလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မှာပါ" ဟုပြောကြားသွားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်