ကျွန်တော် နံပါတ်တစ် ဖြစ်နေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ - ပီယာလို
ဂျူဗင်တပ်စ်အသင်း ဒီရာသီ စကူဒက်တိုချန်ပီယံဖြစ်ရန် အဓိက ကူညီခဲ့ပြီးနောက်၊ ကွင်းလယ်လူ ပီယာလိုက သူသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်ဆိုသည်ကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
အဆိုပါကွင်းလယ်လူသည် မနှစ်က အေစီမီလန်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း၊ နည်းပြ အယ်လီဂရီလက်အောက်တွင် ရုန်းကန်ခဲ့ရပြီး၊ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိချေ။
သို့ပါသော်လည်း၊ မနှစ်က နွေတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာမှုနှင့်အတူ၊ နည်းပြ အန်တိုနီယို ကွန်တီ၏ ပီယာလိုအပေါ်မူတည်ပြီး၊ အသင်းအားတည်ဆောက်ထားသည့် နည်းဗျူဟာကြောင့် ပီယာလိုမှာ ဒီရာသီ ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားနိုင်ခဲ့သည်။
"ဒီဖလားဟာ ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်၊ ဒါဟာ ရာသီအစကတည်းက ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာပါ၊ ဒါကို ကျွန်တော်တို့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ရရှိခဲ့တာလို့ ထင်ပါတယ်"
"ကျွန်တော်တို့ ဖလား လိုချင်ခဲ့ပြီး၊ ရယူနိုင်ခဲ့ပါတယ်၊ ကျွန်တော် မီလန်ကို စွန့်ခွာခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ စိတ်လှုပ်ရှားမှုအသစ်တွေ လိုချင်လို့ပါ၊ ဒါကြောင့် ကျွန်တော် ဂျူဗီကို ရွေးချယ်ခဲ့ပြီး၊ သူတို့ရဲ့စီမံကိန်းမှာ ပါဝင်ခဲ့တာပါ"
"ကျွန်တော် ဒီရာသီ ခြေစွမ်းပြန်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော်ဟာ နံပါတ်တစ်လို့ ယုံကြည်ပါတယ်"ဟု ပီယာလိုက ပြောကြားသွားခဲ့သည်။
တစ်နေ့နေ့တွင် သူ၏ ကွင်းလယ်ဖန်တီးမှုတာဝန်အား မည်သူလွှဲပြောင်းယူမည်နည်းဟု မေးမြန်းခဲ့ရာတွင် -
"ကျွန်တော် နှစ်ပေါင်းများစွာ ဆက်ကစားချင်ပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ဆက်ကစားချင်နေပြီး၊ ဆုဖလားတွေ ရယူသွားချင်သေးလို့ပါ"ဟုပီယာလိုက ပြောကြားသွားခဲ့သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်