အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
ဒီရာသီ အာဆယ်နယ်ရဲ့ အကောင်းဆုံးကစားသမားနှစ်ဆုရှင်၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် စတဲ့ ဆုတံဆိပ်များရှင် ရော်ဘင်ဗန်ပါစီဟာ အမေ့အချစ်တော်သားတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။
ဗန်ပါစီက သူ့ရဲ့ဘ၀မှာ သူ့အမေ ဂျိုဆေး၊ ဇနီးသည် ဘိုခ်ျရာ၊ သမီးငယ် ဒီနာ၊ ညီမတွေဖြစ်ကြတဲ့ ကီကီနဲ့ လိုင်လီတို့ရဲ့ အကြံပေးမှုတွေက အရေးပါခဲ့တယ်လို့ ဆိုပြန်ပါတယ်။
အသက် (၂၈)နှစ်ရှိ ဒတ်ခ်ျစူပါစတားက -
"ကျွန်တော် ဒီနေ့ ဒီလိုရပ်တည်နိုင်တာဟာ ကျွန်တော့်အမေကြောင့်ပါ၊ သူဟာ အမြဲတမ်းကျွန်တော့်ကို စိတ်ဓာတ်မကျအောင် အားပေးပါတယ်၊ ပွဲတစ်ပွဲကစားပြီးတိုင်း အမေ့ရဲ့အကြံဥာဏ်တွေရဖို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ အမေ့ရဲ့အချစ်တော်သားတစ်ယောက်ဖြစ်ရတဲ့အတွက် အရမ်း ကျေနပ်မိပါတယ်"
"ဒီအမျိုးသမီးတွေဟာ ကျွန်တော့်ရဲ့ဘ၀အပေါ် အရမ်းလွှမ်းမိုးမှု ရှိပါတယ်၊ ပြောမယ်ဆိုရင်၊ ဘောလုံးပွဲတွေအထိပါပဲ"
"ကျွန်တော့်အမေ၊ ဇနီးသည်နဲ့ ညီမတွေဟာ ရိုးသားကြပါတယ်၊ တစ်ခါတစ်လေ သူတို့ရဲ့ ဝေဖန်မှုတွေက အရမ်းခံရခက်ပါတယ်၊ သူတို့ရဲ့ အကြံဥာဏ်တွေကို ကျွန်တော် လေးစားပါတယ်"
"ဒီနာကတော့ ကျွန်တော့်ရဲ့ မင်းသမီးလေးပါ၊ အခုကျွန်တော် စံပြဖခင်ကောင်းတစ်ယောက်ပါ၊ သမီးလေးဟာ ပြုံးပြပြီး၊ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့်ကို မျက်လှည့်ပြနိုင်ပါတယ်"
"ကိုယ့်ရဲ့နာမည်ကြီးမှုအပေါ် သာယာတာဟာ အမြဲတမ်း အန္တရာယ်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အမေ၊ ဇနီး၊ ညီမတွေရဲ့ အကြံဥာဏ်တွေကို အမြဲတမ်း ရယူပါတယ်၊ အဲဒါကို အမြဲတမ်း လုပ်ဆောင်သွားမှာပါ"ဆိုပြီး ပြောကြားသွားပါတယ်။
ဆရာမ ဂျိုဆေးဟာ ဗန်ပါစီရဲ့ ကိုယ်ပိုင်စပါယ်ရှယ်ဝမ်းတစ်ယောက်ပါ။
ဂျိုဆေးဟာ သားဖြစ်သူနဲ့ ဘောလုံးအကြောင်း ဆွေးနွေးနိုင်အောင် ဘောလုံးပွဲကောင်းတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို တစ်ထပ်ကြီးဝယ်ပြီး၊ လေ့လာခဲ့သူပါ။
"ရော်ဘင်ဟာ အနုပညာဆန်တဲ့ ဘောလုံးသမားတစ်ယောက်ပါ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘောလုံးပွဲတွေဟာ စစ်ပွဲနဲ့အလားသဏ္ဍာန်တူသလို၊ စိတ်ခံစားချက်တွေကလည်း ကြမ်းတမ်းကြပါတယ်၊ အဲလိုအချိန်မျိုးမှာ သူနာကျင်ခံစားရရင်၊ ကျွန်မလည်း နာကျင်ရတာပါပဲ"လို့ ဗန်ပါစီရဲ့ မွေးသမိခင်က ပြောကြားခဲ့လေရဲ့။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်