ဇူလိုင်လဆန်းပိုင်းမှာ မန်ယူအသင်းအနေနဲ့ ရာသီအသစ်မှာ ဗလင်စီယာအနေနဲ့ နံပါတ် ၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ကာဂါဝါကတော့ နံပါတ် ၂၆ ကိုဝတ်ဆင်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကျောနံပါတ် ၇ ဟာ သမိုင်းဝင် နံပါတ်တစ်ခုဖြစ်ပြီး ဂျော့ခ်ျဘက်စ် ကန်တိုနာ ဒေးဗစ်ဘက်ခမ်း ရော်နယ်ဒို အစရှိသူတွေဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး မိုက်ကယ်အိုဝင် အသင်းက ထွက်ခွါသွားပြီးတဲ့နောက် လှစ်လပ်နေခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဗလင်စီယာကပြောကြားခဲ့ရမှာတော့ " လာမယ့်ရာသီအသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီနံပါတ်ကိုကျနော်လေးစားပါတယ်။ မန်ယူအသင်းမှာ အထင်ကရတွေအများအပြားဒီနံပါတ်ကိုဝတ်ဆင်ပြီး အသင်းရဲ့သမိုင်းကိုရေးထိုးသွားပေးခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သမိုင်းသစ်ကိုရေးထိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။ " ဟုဆိုပါတယ်။
ရာသီသစ်မှာ မန်စီးတီးဆီက ပရီးမီးယားလိဂ်သရဖူးကိုပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း သူကယုံကြည်နေပါတယ်။
မန်ယူနိုက်တတ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးနောက်မှာ ဥရောပကိုပြန်လာပြီး ဗယ်လာရမ်ဂါ ဘာစီလိုနာ ဟန်နိုဗာ အသင်းတွေနဲ့ ခြေစမ်းပွဲတွေကစားဦးမယ်လို့သိရပါတယ်။
မန်ယူအသင်းအနေနဲ့ ရာသီဖွင့်ပွဲအနေနဲ့တော့ အဲဗာတန်အသင်းနဲ့ သြဂုတ် ၂၀ ရက်နေ့မှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါတယ်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်