
CDMA 800 MHz မိုဘိုင်းလ်ဖုန်း နှင့် WCDMA ကို စတင်ရောင်းချ မည်ဖြစ်ပြီး CDMA 800 MHz မရရှိသော နေရာ ဒေသများတွင် WCDMA ကိုဦးစား ပေးရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှတစ်ဆင့် ကြေညာသော ထုတ်ပြန်ချက် အရ သိရသည်။ ပြောဆိုခ ကျပ်သုံးရာ ပါဝင်မည့် ဖုန်းဆင်းကတ်တွင် ကတ်ဝယ်ယူပြီး ၁၅ ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
ဝယ်ယူပြီး ၁၅ ရက်အတွင်း အသုံး မပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်း မည်ဖြစ်ပြီး စက်ပစ္စည်း တန်ဖိုးနှင့် ကုန်ကျစရိတ် များကို ဖုန်းပြောဆိုခ များမှ စုစည်း ကောက်ခံသွားမည် ဖြစ်သဖြင့် တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အနည်းဆုံး အသုံးပြုရမည် ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ၅၀၀၀ တန်အပြည့် မသုံးစွဲထား သည့် ကျန်ငွေများကို အလိုအလျောက် ဖြတ်တောက် သွားမည် ဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ပါရှိသည်။ ဆင်းကတ် များတွင် အင်တာနက် အသုံးပြုခွင့်ကို ထပ်မံလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားရမည့် ဈေးနှုန်းကို မသိရသေးပေ။ ဖုန်းလိုင်းများ ကျပ်တည်း နိုင်မှုကို ဖြေရှင်းနိုင်ရန် ပထမနှစ်လတွင် CDMA များ ရောင်းမည် ဖြစ်ပြီး အချို့နေရာ များတွင် ဖုန်းဆင်းကတ်များ ရောင်းချ သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က မြန်မာ့အလင်း သတင်းစာ သို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြောကြား ထားသည်။
"ဖုန်းစ ရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေ သွားနိုင်တယ်" ဟု အိုင်တီ ပညာရှင် ဦးရဲမြတ်သူက သုံးသပ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၁၁ ခုတွင် တစ်လလျှင် ဖုန်းကတ် သုံးသိန်းခွဲကို လစဉ် ရောင်းချ သွားမည်ဟု အစိုးရက ဆိုသည်။ "ဒီတစ်ခါတော့ တကယ်ကိုင် ရပြီပေါ့။ ဟမ်းဆက် ဝယ်ပြီး စောင့်နေတာ ကြာလှပြီ" ဟု မကွေးတိုင်း ဒေသကြီး ဆိတ်ဖြူမြို့ တွင် နေထိုင်သော အသက် ၂၀ ကျော် အရွယ် မမာမာသီက ဆိုသည်။ ဖုန်းကတ် များကို ယခုနှစ် ဧပြီလမှ စတင်၍ တစ်နှစ်အတွင်း အနည်းဆုံး ဖုန်းကတ် ရှစ်သန်း ရောင်းချ သွားမည်ဖြစ်ပြီး တစ်လ မရရှိပါက နောက်လ စောင့်ဆိုင်း ဝယ်ယူရန် နိုင်ငံတော် သမ္မတကြီးက ပြောကြား ထားသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်