ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယ ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင် အသင်းသည် အိုမန် လက်ရွေးစင် အသင်းနှင့် သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ ရသည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာ အသင်းသည် အိုမန် အသင်းအား (၂-၀)ဂိုးဖြင့် ရှုံးနိမ့် နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တု များဖြင့် ပစ်ပေါက်ခဲ့ သောကြောင့် ပွဲဆက်လက် မကစား နိုင်တော့ဘဲ ပထမပိုင်း အပြီးတွင်ပင် ရပ်ဆိုင်း ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ပရိသတ် ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ထိရောက်စွာ ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်း ထိန်းသိန်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မြန်မာ အသင်းသည် ဖီဖာ စည်းမျဉ်းအမှတ် ၆၅ (ခ)နှင့် (ဂ) တို့ကို ချိုးဖောက် ခဲ့၍ လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ပရိသတ် ထိန်းသိမ်းမှု ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅ နှင့် ပုဒ်မ ၆၊ အပုဒ်ခွဲ ၅ တို့ကို မလိုက်နာ ခဲ့၍သော် လည်းကောင်း၊ ဖီဖာ စည်းမျဉ်းအမှတ် ၆၇၊ အပိုဒ်ခွဲ ၁ တို့ကို မလိုက်နာ ခဲ့၍သော် လည်းကောင်း ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ ပြစ်ဒဏ်များမှာ မြန်မာ့ လက်ရွေးစင် အသင်းကို ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပြုရန်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင် စေရန်တို့ ဖြစ်ကြောင်း သိရသည်။
မြန်မာ အသင်းအား အရေးယူ ခဲ့သည့် စည်းမျဉ်း ဥပဒေများ
ဖီဖာ ဥပဒေ စည်းမျဉ်း အမှတ် ၆၅ (ခ)
- ဖီဖာ စည်းမျဉ်းများ၊ နိုင်ငံတော် ဥပဒေများနှင့် အပြည်ပြည် ဆိုင်ရာ သဘော တူညီချက် များကို လိုက်နာပြီး အထမြောက် စေရမည်။ ပြဿနာ ဖြစ်လာလျှင် အခြေအနေ အရ ပွဲမတိုင်မီ၊ ပွဲကစား နေစဉ်နှင့် ပွဲအပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန် ကြိုတင် ကာကွယ်မှုများ အမြဲ ပြုလုပ်ရမည်။
ဖီဖာ ဥပဒေ စည်မျဉ်း အမှတ် ၆၅ (ဂ)
- ပွဲကြီးကြပ်သူများ၊ ကစားသမားများ၊ ဒိုင်လူကြီးများ မိမိနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ဘေးကင်း လုံခြုံစေရေး အပြည့်အ၀ တာဝန်ယူ ရမည်။
၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅
- အိမ်ကွင်းတွင် ခြေစစ်ပွဲ လက်ခံ ကျင်းပခွင့် ရသည့် အဖွဲ့ဝင် နိုင်ငံတိုင်း၏ ဘောလုံး အဖွဲ့ချုပ် များသည် အောက်ပါတို့ကို တာဝန်ယူရမည်။
(က) သတ်မှတ်ထားသည့် ဥပဒေနှင့် အမိန့်များကို အာမခံချက် ပေးခြင်း၊ စီစဉ်ပေးခြင်း၊ အထမြောက်အောင် ဆောင်ရွက် ပေးခြင်းတို့ ပြုလုပ်ရမည့် အပြင် ဘောလုံးကွင်းနှင့် အခြား သက်ဆိုင်ရာ နေရာများ ဘေးကင်း လုံခြုံစေရေး အတွက် သက်ဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။
(ခ) ပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း ဖြစ်နိုင်ခြေ အားလုံး အတွက် လုံလောက်သော အာမခံချက် ရှိရမည်။ အာမခံချက် ပေးရန် လိုသည့် အဓိက နေရာများ အတွက်လည်း ဖီဖာမှ ညွှန်ကြားပေးမည်။
(ဂ) အိမ်ကွင်း ပွဲတိုင်း၏ အပြီးတွင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နိုင်ရန် အတွက် ပွဲကြီးကြပ်သူကို ကွင်းတွင်း DVD သို့မဟုတ် ဗီဒီယို မှတ်တမ်းခွေ တင်ပြရမည်။
၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ဥပဒေ ပုဒ်မ ၆၊ အပိုဒ်ခွဲ ၅
- မည်သည့် ပွဲစဉ်ကိုမဆို ဖီဖာ၏ တောင်းဆိုမှု အရ မဟုတ်ဘဲ အခြား အကြောင်း ပြချက်ဖြင့် ရွှေ့ဆိုင်းရသည် ဆိုပါက သက်ဆိုင်ရာ ဘောလုံး အဖွဲ့ချုပ်ကို ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စစ်ဆေးပြီး ပွဲပိတ်ပင်သည့် အရေးယူ မှုများ ပြုလုပ်နိုင်သည်။ ယင်းပွဲစဉ် ပြန်လည် ကျင်းပရန် အတွက်လည်း ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ညွှန်ကြားနိုင်သည်။
ဖီဖာ ဥပဒေ စည်းမျဉ်း အမှတ် ၆၇၊ အပိုဒ်ခွဲ ၁
- အိမ်ရှင် ဘောလုံး အဖွဲ့ချုပ် (သို့မဟုတ်) အိမ်ရှင် ကလပ် အသင်းသည် မိမိတို့ ပရိသတ်များ အကြား မလျော်ကန်သော အပြုအမူများ၊ အပြစ်တင်ထိုက် ဖွယ်ရာ ဖြစ်ရပ်များနှင့် လုပ်ရပ်များ အတွက် တာဝန် ယူရမည် ဖြစ်ပြီး အခြေအနေပေါ် မူတည်၍ ဒဏ်ငွေ ချမှတ်ခြင်း ခံရမည်။ ပြင်းထန်သည့် ဆူပူ နှောက်ယှက် မှုများ ဖြစ်ပွားခဲ့ ပါကမူ နောက်ထပ် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင် ခံရသည် အထိ အရေးယူခြင်း ခံရမည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်