အသင်း၏ သမိုင်းတွင် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမား ဖြစ်လာရန် ပစ်မှတ်ထားနေသည်ဟု ထုတ်ဖော်ပြောကြား လိုက်သည့် မန်ယူတိုက်စစ်မှုး ၀ိန်းရွန်းနီ
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး ၀ိန်းရွန်းနီက ၎င်းအနေဖြင့် အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် စံချိန်ကို ပိုင်ဆိုင်ခွင့်ရရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ဝိန်းရွန်းနီက -
"တကယ်လို့ ကျွန်တော့်အနေနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ စံချိန်မှတ်တမ်း တစ်ခုကို ရယူနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ၊ အဲ့ဒီမှတ်တမ်းကို ရယူဖို့ ကျွန်တော်အရမ်းပဲ စိတ်လှုပ်ရှား နေပါတယ်၊ နောက်ငါးနှစ်ကျော် ခြောက်နှစ်ကျော်လောက် အတွင်းမှာ ဒီစံချိန်ကို ရယူနိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်နေမိတယ်" ဟု The Sun သို့ဖွင့်ဟသွားခဲ့သည်။
အဆိုပါ စံချိန်အား လက်ရှိ အသင်း၏ ဂုဏ်ထူးဆောင်အမှုဆောင်ချုပ် ဆာဘော်ဘီချာလ်တန်က အသင်းအတွက် (၁၇)နှစ် အထိကစားပြီး၊ ပွဲပေါင်း(၆၀၆)ပွဲ ကစားကာ၊ (၂၄၉)ဂိုးဖြင့် သွင်းယူထားသည်။ (၁၅၈)ဂိုး သွင်းယူပေးထားသော ရွန်းနီအတွက် ဘော်ဘီချာလ်တန်၏ စံချိန်ကိုချိုးရန် တစ်ဝက်နီးပါးခန့် လိုအပ်နေသေးသော်လည်း၊ ထိုစံချိန်ကို ရယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ ရွန်းနီက -"တကယ်လို့သာ ဒီမှတ်တမ်းကို ကျွန်တော် ရယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံး ဆုလာဒ်ကြီး တစ်ခု ဖြစ်လာမှာပါ၊ သိပ်ကို ဂုဏ်ယူစရာကောင်းမှာပဲ၊ ဆာဘော်ဘီဟာ တကယ့် သူရဲကောင်းကြီးပါ၊ ယူနိုက်တက်ရဲ့ စစ်မှန်တဲ့ သူရဲကောင်းကြီးပါ၊ သူအချိန်အတော်ကြာ ရပ်တည်နေတဲ့ ဒီစံချိန်ကို ချိုးဖျက်ခွင့် ရမယ်ဆို တကယ့် အံ့ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်"
"ဒါပေမဲ့ ဒါဟာကျွန်တော့်ရဲ့ ရည်မှန်းချက်တစ်ခုပဲ ဖြစ်ပါတယ်၊ လွယ်တော့ မလွယ်လှပါဘူး၊ ဘောလုံးလောကမှာ ဘယ်အရာမှ သေချာပေါက် ပြောလို့မရပါဘူး၊ ဒဏ်ရာရတာတို့ တစ်ခြား မမြင်နိုင်တဲ့ အဖြစ်အပျက်လေးတွေ ရှိလာနိုင်တယ်၊ တကယ်လို့ ကျွန်တော်သာ ဒဏ်ရာကင်းစင်နေပြီးတော့ အကောင်းဆုံး ပုံစံကို ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ ကျွန်တော့်အတွက် အခွင့်အရေးတော့ ရှိလာမှာပါ" ပြောကြားသွားခဲ့သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်