တစ်ထောင်ကျော် ဒဏ်ရာရပြီး၊ အနည်းဆုံး (၇၃)ဦး သေဆုံးသွားခဲ့သည့် အီဂျစ်ဘောလုံးပွဲ (ဗွီဒီယိုဖိုင်+ ဓာတ်ပုံများ)
အီဂျစ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အယ်လ်-မာစရီအသင်းနှင့် အယ်လ်-အက်ဟလေ အသင်းတို့ ကစားသော ပွဲစဉ်တွင် နှစ်ဘက်အသင်း ပရိတ်သတ်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ အဆိုပါ အဓိကရုဏ်းကြောင့် ပရိတ်သတ်ပေါင်း အနည်းဆုံး (၇၃)ဦးခန့် သေဆုံးသွားခဲ့ပြီး၊ (၁၀၀၀)ကျော်ခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း အီဂျစ် ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။
အနိုင်ရရှိသွားခဲ့သော မာစရီအသင်း၏ ပရိတ်သတ်များသည် ကွင်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ အချို့မှာ အောင်ပွဲခံရုံ သက်သက်သာဖြစ်ပြီး၊ အချို့က အီဂျစ်လက်ရှိ ချန်ပီယံ အက်ဟလေ အသင်းသားများနှင့် ပရိတ်သတ်များကို တိုက်ခိုက် ခဲ့ကြသည်။ လုံခြုံရေးများက ၀င်ရောက်လာပြီး၊ အက်ဟလေ အသင်းသားများကို ကွင်းထောင့်တစ်နေရာတွင် စုရုံးစေခဲ့သည်။
မာစရီအသင်း ပရိတ်သတ်များသည် အက်ဟလေ အသင်းပရိတ်သတ်များအား ကျောက်စရစ်ခဲများဖြင့်သာမက ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ မာစရီနှင့် အက်ဟလေ အသင်း နှစ်သင်းကြား တွေ့ဆုံတိုင်း ပြဿနာများ ဖြစ်ပွား လာခဲ့ကြသည်မှာ နှစ်ပေါင်းမနည်းတော့ကြောင်း သိရသည်။ အက်ဟလေ၏ စတားပလေယာများ ဖြစ်ကြသော မိုဟာမက် ဘာခါရက်ဒ်နှင့် မီမတ်မီတက်ဘ်တို့က -
"ကျွန်တော်တို့ နောက်ဘယ်တော့မှ ဘောလုံး မကစားတော့ပါဘူး" ဟု အဆိုပါ အဓိကရုဏ်း အပြီးတွင် ဖွင့်ဟသွားခဲ့ ကြသည်။
အက်ဟလေ ကွင်းလယ်ကစားသမား မိုဟာမက် အဘောက်ထရိုက်ခါကလည်း -
"လုံခြုံရေးတွေဟာ ကျွန်တော်တို့ကို ကာကွယ်မှု မလုပ်ပေးခဲ့ပါဘူး၊ ပရိတ်သတ်တွေဟာ အ၀တ်လဲခန်းထဲမှာ ကျွန်တော့်ရှေ့မှာပဲ သေဆုံးသွားကြတာပါ" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။
အီဂျစ်အက်ဖ်အေ ဥက္ကဌ ဆမ်မီဇာဟာက ဗုဒ္ဓဟူးည အဓိကရုဏ်းကြောင့် အီဂျစ် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ ရပ်တန့်သွားနိုင်ကြောင်း အတည်ပြုသွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် မာစရီအသင်းက အက်ဟလေအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Rangoon Time