မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားမှု လိုင်စင် (AD-Authorized Dealer) ရရှိခဲ့သည့် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၁ ခုသည် Swift Code ရရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ ပြည်တွင်း ဖွင့်လှစ်ထားသည့် ဘဏ်များ Swift Code ကို ရရှိသွားခြင်းဖြင့် နိုင်ငံတကာ ငွေလဲလှယ်မှုနှင့် ငွေကြေး လွှဲပြောင်းမှုများကို ပြည်ပနိုင်ငံများနှင့် အလွယ်တကူ ချိတ်ဆက် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းဘဏ် လုပ်ငန်းများကို နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးကိစ္စ လွှဲပြောင်းခြင်း လုပ်ငန်းများကို အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု အဖွဲ့အစည်း တစ်ခုဖြစ်သော Swift Network သို့ ဝင်ရောက်နိုင်ရန် ယင်းဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဟု သိရသည်။ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု အဖွဲ့အစည်းဖြစ်သော Swift Network အနေဖြင့် ၎င်းတို့နှင့် ယခု ချိတ်ဆက်လိုက်ပြီ ဖြစ်သော ပုဂ္ဂလိကဘဏ် ၁၁ ခုကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီ ဖြစ်သဖြင့် အထက်ပါ အပြည်ပြည်ဆိုင်ရာ ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို ပြည်တွင်း ဘဏ်လုပ်ငန်း ကဏ္ဍတွင် မကြာမီ တိုးချဲ့ ဆောင်ရွက်နိုင်တော့မည်ဟု အထက်ပါ ဘဏ်အချို့၏ ပြောရေးဆိုခွင့် ရှိသူများထံမှ သတင်းရရှိသည်။
"ဆွစ်ကုတ်ရတဲ့အတွက် ဇူလိုင်လကစပြီး စမ်းသပ် သုံးကြည့်မယ်။ လောလောဆယ်တော့ ဝန်ထမ်းတွေကို လေ့ကျင့်ရေး ပေးနေပါတယ်။ ဒီစနစ်က ဟိုဘက်နိုင်ငံက ဘဏ်တွေနဲ့ ငွေလွှဲတဲ့အခါမှာ ပိုမို လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခု ဖြစ်တယ်။လောလောဆယ် မလေးရှားက ဘဏ်တွေနဲ့ အဆင်ပြေနေပြီ။ ထိုင်းနဲ့ စင်ကာပူတို့နဲ့တော့ မချိတ်ရသေးဘူး" ဟု စီဘီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။ ယခုကဲ့သို့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ နိုင်ငံတကာနှင့် တရားဝင်ငွေ ကြေးလွှဲပြောင်းခွင့် လုပ်ငန်းကို ရရှိသွားခြင်းနှင့် ပတ်သက်၍ အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက "အဓိကက ဘဏ်လုပ်ငန်းတွေ နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အခါ အရမ်း အဆင်ပြေသွားပြီ။ ပိုပြီး လုံခြုံစိတ်ချရသွားပြီ။ အကျိုးဆက်အနေနဲ့ ဘဏ်ဝန်ဆောင်မှုကို သုံးစွဲသူတွေအတွက်လည်း ပိုပြီး အဆင်ပြေတဲ့ ဝန်ဆောင်မှုတွေကို ရလာမှာပါ" ဟု ပြောသည်။
နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု အဖွဲ့အစည်း တစ်ခုဖြစ်သော Swift Network နှင့် ချိတ်ဆက်လိုက်ပြီ ဖြစ်သော ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ မြဝတီဘဏ်၊ ထွန်းဖောင်းဒေးရှင်းဘဏ်၊ အင်းဝဘဏ်၊မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘော့ဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ သမဝါယမဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်တို့ ဖြစ်သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်