တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ထုတ်ပေးနေ
၂၀၁၀-၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား အမှတ် စာရင်းများကို ဇွန် ၂၇ ရက်မှ စ၍ မြန်မာ အင်ဖိုတက်ခ် Myanmar Info Tech အတွင်း ဇွဲ ကပင်ဆောင်တွင် ထုတ်ယူ ရရှိနိုင်ကြောင်းသိရသည်။
အဆိုပါ အမှတ်စာရင်း ထုတ်ယူရာတွင် ဖြေဆိုသူ၏ ခုံအမှတ်၊ စာ စစ်ဌာနအမည်၊ ဖြေဆိုသူ၏ အဘအမည်၊ နေရပ်လိပ်စာတို့ကို လျှောက်လွှာ (ဖောင်)တွင် ဖြည့်သွင်း ရေးသားရမည်ဖြစ်ပြီး လျှောက်လွှာတစ်စောင် ကျပ် ၂၅၀ နှင့် တံဆိပ် ခေါင်းဖိုး ကျပ် ၂၀၀ သာ ကုန်ကျမည်ဖြစ်သည်။ လျှောက်လွှာတင်သည့် ရက်မှ ၁၀ ရက်ကြာ စောင့်ဆိုင်းရမည်ဖြစ်ပြီး ၁၀ ရက်ပြည့်မှသာလျှင် အမှတ်စာရင်းရရှိမည်ဖြစ်သည်။ အမှတ် စာရင်း ထုတ်ယူရာတွင် နယ်မှ ကျောင်းသားကျောင်းသူများမှာ ငွေကုန်ကြေးကျပိုများကြောင်း၊ “အခု ဦးက ညောင်တုန်းမြို့နယ် တက္ကသိုလ်ဝင်တန်းအောင် ကလေး ၁၀ ယောက်အတွက် ကိုယ်စား လာထုတ်ပေးတာ၊ ဖောင်တင်ပြီး ၁၀ ရက်မှ အမှတ်စာရင်းရမယ်လည်းဆိုရော တော်တော်ငိုချင်သွားတာ။ ဘာလို့လဲ ဆိုတော့ အဲဒီကလေးတွေရဲ့ အမှတ်စာရင်း အပြီးအစီးထုတ်ခကို ကျပ် ၃,၀၀၀ နှုန်းနှင့် ပေးလိုက်တာ၊ ဒီနေ့ဖောင်တင်မနက်ဖြန်ဆိုအမှတ်စာရင်း ရပြီထင်လို့ပါ။ အခုတော့ နောက် ၁၀ ရက်မှ တစ်ခေါက် လာထုတ်ရမှာ ဆိုတော့ ကိုယ့်စရိတ်ကိုယ်လုပ်သလိုဖြစ်သွားပြီ။ အဲဒီအချိန်ဆို ရွာမှာ လည်း ကျောင်းကထုတ်ပေးပြီပေါ့။ ရန်ကုန်က ကလေးတွေအတွက်က တော့ အဆင်ပြေပါတယ်”ဟု နယ်မှ ကိုယ်စားလှယ် အမှတ်စာရင်းထုတ် ပေးသည့် ဦးသန်းအောင်က ပြောကြားခဲ့သည်။
အဆိုပါ အမှတ်စာရင်း ထုတ်ပေးသော ဇွဲကပင်ဆောင်မှာ မြန်မာ့ အင်ဖိုတက်အတွင်း မြန်မာအင်ဂျင်နီယာ များအသင်း တွင်တည်ရှိပြီး အမှတ်စာရင်း လာရောက်ထုတ်ယူသူများမှ ဆိုက်ကားဖြင့်လာရောက် သည့် ကျောင်းသားကျောင်းသူများသဖြင့် အနှေးယာဉ်လုပ်သားများမှာ ယခု လအတွင်း ၀င်ငွေအကောင်းဆုံးလ ဖြစ်ကြောင်းသိရသည်။ ဇွဲကပင် ဆောင်မှာ ၂၀၁၁ ခုနှစ်မှစ၍ အမှတ်စာရင်းထုတ်ပေးသည့်နေရာဖြစ်ပြီး ယခင်နှစ်များ အတွက် အမှတ်စာရင်းထုတ်မည့်သူများမှာလည်း အဆိုပါ ဇွဲကပင်ဆောင်၌ပင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဟင်သစ်
နည်းပညာတက္ကသိုလ်များတွင် လက်တွေ့သင်ကြားမှု ပိုမိုအားကောင်းလာပြီ
Posted by Popular News
ယခု ပညာသင်နှစ်မှစ၍ နည်းပညာတက္ကသိုလ်များတွင် လက်တွေ့ပိုင်းဆိုင်ရာကို ပိုမိုသင်ကြားနေပြီဟု သိရသည်။နည်းပညာတက္ကသိုလ်များမှ ကျောင်းသားများအား လက်တွေ့ သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သော လက်တွေ့ပိုင်းဆိုင်ရာ ပစ္စည်းများကို တတ်နိုင်သလောက် ပေးအပ်ခဲ့ကြောင်း နည်းပညာတက္ကသိုလ် တစ်ခုမှ ဝါရင့်ဆရာတစ်ဦးကပြောသည်။”ပြီးတော့ ကျွန်တော်တို့ ဟိုးအရင်တုန်းကတက်ခဲ့တဲ့ GTIက ၂ဝဝ၂ ခုနှစ်ဝန်းကျင်အထိ ကျင့်သုံးခဲ့တဲ့ လက်တွေ့လုပ်ရာကနေ စာမေး ပွဲအတွက် အမှတ်ပေးတဲ့ပုံစံကို ဒီပညာသင်နှစ်မှာ ပြန်ကျင့်သုံးပြီး လက်တွေ့ကနေ ၁၅ မှတ်၊ နှုတ်ဖြေ ၅ မှတ်ပေါ့။ ဒါက လက်တွေ့ ရှိတဲ့ဘာသာရပ်မှာပေါ့” ဟု ၄င်းကပြောသည်။ထို့ပြင် ၂ဝဝ၆ ခုနှစ်မှစတင်၍ ကျင့်သုံးခဲ့သော ပြဋ္ဌာန်းစာအုပ်ထဲ မှ မေးခွန်းအပုဒ် ၃ဝ ကို နမူနာ မေးခွန်း (Sample Question) အ ဖြစ်ပေးထားကာ စာမေးပွဲတကယ် စစ်သည့်အချိန်တွင်လည်း အပုဒ် ၃ဝ ထဲမှသာ မေးသည့်စနစ်ကို ယခုပညာသင်နှစ်မှစ၍ ပယ်ဖျက်ကာ ပြဋ္ဌာန်းစာအုပ်ထဲမှ မေးချင်ရာမေး မည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဟု သိရသည်။”အခုလို ပြောင်းလိုက်တာ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျောင်းသားဘဝကတည်းက လက်တွေ့ပိုင်းဆိုင်ရာ အတန်အသင့် နားလည်ထားရင် လုပ်ငန်းခွင်ထဲမှာ ကျောင်းဆင်းတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်။ ပြီးတော့ အရင်ကဆို ကျောင်းသားတွေက နမူနာမေးခွန်းကိုပဲ ပိုင်အောင် လုပ်တော့ တခြားအပိုင်းတွေကို နားလည် တတ်မြောက်မှုအားနည်းသွားရော” ဟု ၄င်းကထပ်လောင်းပြောသည်။ဗိသုကာအင်ဂျင်နီယာကြီး တစ်ဦးက နည်းပညာ ကျောင်းသားများအား လက်တွေ့ပိုင်းပိုမိုအား ထည့်သင်ပေးမည်ဟု သိရ၍ ဝမ်းမြောက်ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းများကိုပါ စနစ်တကျ ပြုလုပ်ပေးမည် ဆိုပါက အင်ဂျင်နီယာကျောင်းဆင်းတို့၏ အရည်အသွေးမှာ ပိုတောက်ပြောင်လာမည်ဖြစ်ကြောင်း ပြောသည်။”ကျွန်တော်တို့ စက်မှုတက္ကသိုလ်တက်တုန်းက တတိယ နှစ်ကစပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းကချပေးထားတဲ့ စက်ရုံတွေဆီသွားပြီး လက်တွေ့လုပ်ငန်းခွင်ထဲ ဝင်ခိုင်းတယ်။ အဲဒီစက်ရုံက အရာရှိတွေကလည်း ကိုယ်တွေရဲ့ စီနီယာပဲဆိုတော့ သေချာလုပ်ခိုင်းတယ်။ ကျောင်းမှာလည်း လက်တွေ့လုပ်ရတယ်ဆိုတော့ ကျွန်တော်တို့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ တော်တော်အိုကေနေပြီ”ဟု ၄င်းကဆိုသည်။”ဒီနေ့ခေတ် ကျောင်းဆင်းအင်ဂျင်နီယာတွေဟာ လက်တွေ့အရမ်းအားနည်းတာတော့ အမှန်ပဲ။ ကျောင်းဆင်းတစ် ယောက်အနေနဲ့ အလွယ်တကူသိသင့်တဲ့ဟာတွေကို တောင် မသိကြဘူး” ဟု ၄င်းကထပ်လောင်းပြောသည်။
မောင်မျိုး
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်မည်
ရန်ကုန်၊ ဇူလိုင် ၈ - မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာ သင်တန်းများကို ယခင်နှစ်များအတိုင်း ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ကြောင်း အဆိုပါကောလိပ်မှ သိရသည်။
“အရင် ပညာသင်နှစ်တွေတုန်းကတော့ ၃၀၀ လောက် ခေါ်ခဲ့တယ်။ ဒီနှစ်လဲ အဲဒီလောက်ပဲ ခေါ်မှာပါ။ အင်ဂျင်ပိုင်းအတွက် ၁၅၀ နဲ့ ကုန်းပတ်အတွက် ၁၅၀ ပဲ။ အမှတ်ကတော့ ၄၂၀ အနည်းဆုံး ဆိုပေမယ့် ကုန်းပတ် အရာရှိလောင်းအတွက် အမှတ်ပိုများမှာပါ” ဟု မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ တက္ကသိုလ်ဝင်တန်းအမှတ် အနည်းဆုံး ၄၂၀ ဖြင့် လူဦးရေ ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ပြီး ယင်းကုန်သွယ်ရေကြောင်း အရာရှိလောင်း ၁၅၀ခန့်နှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၁၅၀ ခန့် တို့ဖြစ်သည်။
“ကျွန်တော်တို့နှစ်တုန်းက Nautical ကုန်းပတ်အတွက် အမှတ် ၃၈၀ နဲ့ ခေါ်ခဲ့တယ်။ အင်ဂျင်ကို ၃၆၀ နဲ့ ခေါ်တယ်။ တစ်နှစ်သင်တန်းတက်ခဲ့ရတယ်။ အဲဒီတုန်းက ကျောင်းက ကောလိပ် မဟုတ်သေးဘူး။ ရိုးရိုးသင်တန်းပါပဲ။ ကျောင်းပြီးလို့ အရာရှိလောင်းတွေ အနေနဲ့တော့ မတက်ရဘူး။ Cadet အဆင့်နဲ့ပဲ တက်ရပါတယ်။ ကျွန်တော်တို့တုန်းကလဲ အင်ဂျင်ရော၊ ကုန်းပတ်ရော ကျောင်းသားဦးရေ ၃၀၀လောက် ခေါ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ရေကြောင်းကောလိပ်မှ ကျောင်းသားဟောင်း တစ်ဦးကပြောသည်။
၂၀၁၀ - ၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် ပါဝင်သည့် အောင်မြင်ပြီး စုစုပေါင်း အမှတ်အနည်းဆုံး ၄၂၀ ရရှိမှသာ လျှောက်ထား နိုင်ကြောင်း၊ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်တွင် အသက် (၁၉)နှစ်ထက် မကျော်လွန်သူများ အရပ် ၅ ပေ ၄ လက်မ အနည်းဆုံး ရှိရမည်။ ကိုယ်အလေးချိန်ပေါင် ၁၀၀ အနည်းဆုံး ရှိရမည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူ မဖြစ်စေရစသည့် ကန့်သတ်ချက်များ ပါဝင်ကြောင်း သိရသည်။
ပဏာမရွေးချယ်ခံရသူများသည် နားစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်များတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း Nautical Cadet Diploma in Nautical Studies/ Dip N.S အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်နှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း Marine Engineering Cadet Diploma in Maritime Technology/ Dip.Mar.Tech အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်ဖြင့် စုစုပေါင်း မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အတွက် ၃၀၀ ဝန်းကျင်ကို နှစ်စဉ်ခေါ်ယူခဲ့ကြောင်း သိရသည်။
Ref : The Flower News
Monday, July 18, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်