|
နိုင်ငံတကာ ပွဲကစား ထားရသဖြင့် ပင်ပန်း နေသော်လည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲထွက် ကစားပေးရန် အသင့် ရှိနေပြီဟု ယုံကြည်ကြောင်း တိုက်စစ်မှူးသစ် ပါ့ခ်ချူယောင်းက ပြောကြားလိုက်သည်။
တောင်ကိုရီးယား လက်ရွေးစင် ပါ့ခ်က ဆွမ်ဆီးနှင့် စနေနေ့ ပွဲစဉ်တွင် မိမိ ပါဝင်နိုင်ရန် အသင့် ဖြစ်နေပြီဟု ဖွင့်ဟခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကူဝိတ်နှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် တောင်ကိုရီးယား လက်ရွေးစင်အတွက် ကိုယ်စားပြု ပါဝင်ပေးခဲ့သည်။ အင်္ဂါနေ့က ကစားထားသော ပွဲကြောင့် နွမ်းနယ်မှု ရှိနေသော်လည်း အာဆင်နယ် အတွက် အင်ပြည့်အားပြည့် ကစား ပေးနိုင်ရန် မျှော်လင့်ကြောင်းလည်း ပါ့ခ်က ဆိုသည်။ ၎င်းသည် နိုင်ငံတကာ ကိုယ်စားပြု နောက်ဆုံး(၁၇)ပွဲတွင် န၀မမြောက် ဂိုးကို ကူဝိတ်နှင့် ပွဲတွင် ရယူ နိုင်ခဲ့သည်။
“ကျွန်တော် တကယ် ပင်ပန်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီပွဲမှာ တောင်ကိုရီးယား အသင်းရဲ့ ကစားသမားတွေက ပွဲကို ထိန်းချုပ်နိုင်ခဲ့တာ ကျေးဇူး တင်ရပါမယ်” ဟု ပါ့ခ်က Ilgan Sports သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အသင်းသားတွေ ပိုပြီး တိုးတက် လာစေဖို့ ဒီပွဲက အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီး ပေးခဲ့ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ ၎င်းက အာဆင်နယ်တွင် အသင်းဖော် သစ်များနှင့် အသားကျ ကစား နိုင်ရန်နှင့် ဆွမ်ဆီးကို အနိုင်ယူရန် အသင်းအတွက် အကူအညီ ပေးနိုင်ရေး မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
“ကျွန်တော် အာဆင်နယ် ကစားဟန်နဲ့ အဆင်ပြေအောင် အကောင်းဆုံး ကြိုးစားပါမယ်။ အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ပြီးတော့ အာဆင်နယ် အတွက် ပွဲတွေ အများကြီး ကစားပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု ပါ့ခ်က ပြောကြားသွားသည်။

နိုင်ငံတကာ ပွဲစဉ်တွင် တွေ့မြင်ရသော ပါ့ခ်ချူယောင်း

Tags:
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်