Share |
ချယ်လ်ဆီး အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာ၏ ဒဏ်ရာ အခြေအနေ အလျင်အမြန် ပြန်လည် ကောင်းမွန်လာရန် မျှော်လင့်နေကြောင်း သိရသည်။
စက်တင်ဘာ (၁၈)ရက်နေ့ ပွဲကြီးပွဲကောင်း အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် ဒရော့ဂ်ဘာ ၀င်ကစား နိုင်ရန် ချယ်လ်ဆီးက မျှော်လင့်လျက် ရှိသည်။ ဦးခေါင်းဒဏ်ရာ ရရှိထားသော အိုင်ဗရီကို့စ် လက်ရွေးစင်သည် စနေနေ့ည ဆန်းဒါးလန်းနှင့် ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်မည် ဖြစ်သလို အင်္ဂါနေ့ည ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဘေယာ လေဗာ ကူဆင်နှင့် ယှဉ်ပြိုင်ရာတွင်လည်း ပါဝင်နိုင်ဖွယ် မရှိချေ။ ဒရော့ဂ်ဘာသည် နောဝစ်ခ်ျ စီးတီး ဂိုးသမား ဂျွန်ရူဒီနှင့် လေထဲ ဘောလုံး ယှဉ်လုရာမှ မတော်တဆ ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီး အနေနှင့် ဦးခေါင်းတွင် ထိခိုက် နာကျင်မှု ခံစားရဆဲ ဖြစ်သော ဒရော့ဂ်ဘာကို ဆက်လက် အနား ပေးထားသော်လည်း မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုဝါးစ်က မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် အားထားရသော တိုက်စစ်မှူး ၀င်ကစား ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဘိုဝါးစ်က “သိပ်မကြာခင် သူဟာ အပြည့်အ၀ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်မယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒရော့ဂ်ဘာက အပေါ့စား လေ့ကျင့်ခန်း လေးတွေတော့ ပြန်လုပ်နိုင် နေပါပြီ။ သူ့ကို ကျွန်တော်တို့ရဲ့ အသင်း ဆရာဝန်တွေက တောက်လျှောက် စောင့်ကြည့် ပေးနေပါတယ်။ လောလောဆယ်တော့ သူ့ရဲ့ လေ့ကျင့်မှုဟာ အကန့်အသတ်နဲ့ပဲ ရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ကျိန်းသေပေါက် ပြန်ပါလာမယ် ထင်ပါတယ်” ဟု သုံးသပ်ခဲ့သည်။
အသက်(၃၃)နှစ်ရှိ ပေါ်တူဂီသား မန်နေဂျာက “ဆေးအဖွဲ့ရဲ့ အကောင်းဆုံး ထောက်ပံ့မှုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ သူ့ကို အချိန်ပြည့် စောင့်ကြည့် ပေးနေပြီး ဒရော့ဂ်ဘာရဲ့ သက်သာ လာမှုကလည်း အားရစရာပါ။ သူ့ကို အပြည့်အ၀ လေ့ကျင့်ခန်း ပြန်မလုပ်ခိုင်းခင် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ စစ်ဆေးမှုတွေကိုတော့ ကျွန်တော်တို့ အသေအချာ လုပ်ဦးမှာပါ” ဟုလည်း ပြောဆိုသွားသည်။

ဦးခေါင်းဒဏ်ရာ ရရှိသွားသော ဒရော့ဂ်ဘာ

Tags:
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်