![]() အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြဖြစ်သူ ကာပယ်လိုက ဝေလအား အနိုင် ရခဲ့သည့် ဥရောပ ဖလား ခြေစစ်ပွဲတွင် ဂိုးသွင်း ပြခဲ့သည့် တောင်ပံ တိုက်စစ်မှူး၏ လက်ရှိ အနေအထားကို အားရ ကျေနပ်လျက် ရှိသည်။ ကာပယ်လိုက ယန်းသည် အင်္ဂလန် ချန်ပီယံ ကလပ် အသင်းသို့ ရောက်ရှိ လာပြီးကတည်းက စွမ်းဆောင်မှုပိုင်း ပိုမို ကောင်းမွန် လာကြောင်းလည်း ချီးကျူးခဲ့သည်။ အသက်(၂၆)နှစ်ရှိ ကစားသမားသည် နွေရာသီ အပြောင်းအရွှေ့ ကာလက အက်စ်တန် ဗီလာမှ မန်ချက်စတာ ယူနိုက်တက်သို့ ပေါင်စတာလင် (၁၆)သန်း ၀န်းကျင်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ![]() အလျင်အမြန် တိုးတက်လာသည့် ယန်း "ယန်းရဲ့ ပြောင်းလဲမှုတွေက သိသာပါတယ်။ သူဟာ ခုချိန်မှာ အရေးပါတဲ့ အသင်း တစ်ခုမှာ ကစား နေပါပြီ။ နောက်ပြီး အများကြီးလည်း တိုးတက်လာတာ မျက်မြင်ပါပဲ" ဟု ကာပယ်လိုက Sunday Mirror သို့ ပြောကြားခဲ့သည်။ ယန်းသည် အာဆင်နယ်အား အနိုင် ရရှိသည့် ပွဲစဉ်တွင် အသင်းအတွက် (၂)ဂိုး သွင်းယူ ပေးခဲ့သလို ဂိုးဖန်တီးမှု အများအပြားကိုလည်း ပြုလုပ် ပေးနိုင်ခဲ့သည်။ ထို့အပြင် အင်္ဂလန် အသင်း ဥရောပ ဖလား ခြေစစ်ပွဲ အောင်ရေးအတွက် အလွန် အရေးပါသည့် ဂိုးကိုလည်း ဝေလနှင့် ပွဲတွင် ရယူ ပေးခဲ့သည်။ ၎င်းသည် (၂၀၁၀)ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲဝင် အင်္ဂလန် အသင်း ပမာဏ လူစာရင်းတွင် ရွေးချယ် ခံရသော်လည်း အပြီးသတ် (၂၃)ဦး စာရင်းတွင် ချန်လှပ် ခံခဲ့ရသည်။ "ဘာပဲဖြစ်ဖြစ် အသင်းကြီး တစ်ခုမှာ ကစားခွင့် ရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးပွား လာစေသလို ခြေစွမ်း အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အဓိက အကြောင်းရင်း တစ်ခုက သူဟာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ တွဲကစားခွင့် ရနေတာပါ။ ယန်းဟာ နောက်ချန် တိုက်စစ်မှူး အနေနဲ့ ၀ိန်းရွန်နီ နောက်မှာလည်း ကစား နိုင်ပါတယ်။ ဘယ်တောင်ပံမှာလည်း အကြာကြီး ကစားနေပြီးသားပါ။ ယန်းဟာ နည်းစနစ်ပိုင်း ကောင်းမွန်သလို မြန်နှုန်း မြင့်မားပြီး ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ သူက ဘယ်ခြေရော၊ ညာခြေနဲ့ပါ ဂိုးသွင်းနိုင်တဲ့ သူပါ" ဟုလည်း ကာပယ်လိုက ၎င်း၏ ကစားသမားကို ချီးကျူးသွားသည်။ |
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်