Share |
စက်တင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပွဲစဉ်တွင် အိမ်ရှင် မြန်မာ အသင်းသည် ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။
အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းနှင့် သရေရလဒ်သာ ကစားနိုင်ခဲ့သည့် မြန်မာ အသင်းသည် ဗီယက်နမ်နှင့် လာအိုတို့က ၇ဂိုးပြတ်စီ သွင်းခဲ့သည့် ဘရူနိုင်း အသင်းအား ပရိသတ်များ မျှော်လင့် သကဲ့သို့ ဂိုးများစွာ သွင်းယူ နိုင်ခြင်းမရှိခဲ့ဘဲ ၆ဂိုးသာ သွင်းယူ နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဘရူနိုင်း အသင်းအား ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ သည့်တိုင် ကွင်းလယ် ကစားပုံ ကောင်းမွန်ခြင်း မရှိခဲ့ဘဲ တိုက်စစ်မှူး များကလည်း အခွင့်အရေး များစွာအား ဖြုန်းတီးပစ်ခဲ့ ကြ၍ ပရိသတ်များ မချိတင်ကဲ ဖြစ်ခဲ့ရသည်။ မြန်မာ အသင်းအတွက် အဖွင့်ဂိုးအား ပွဲချိန် ၉မိနစ်တွင် ရန်နိုင်ထွေးက စတင် သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် မြန်မာတို့ ကစားပုံ အားရစရာ မရှိခဲ့ဘဲ ၃၅မိနစ်တွင် ရန်နိုင်ထွေးက နောက်ခံလူနှင့် ဂိုးသမား တို့အား လိမ်ခေါက် ကန်သွင်းကာ ဒုတိယဂိုးအား သွင်းယူ ပေးခဲ့သည်။ မိနစ် ၄၀တွင် ဧရိယာ အတွင်းမှ ရဲကိုဦး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ ၄၂မိနစ်တွင် ရဲကိုဦး ညာခြမ်းမှ ဂိုးဧရိယာ အတွင်း ဆွဲဝင် ထိုးပေးရာမှ စိုးပိုင်သွေးက အပြင်း ကန်သွင်းကာ နောက်တစ်ဂိုး ထပ်မံ ရရှိခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပို အရောက်တွင် ကျော်ဇေယျ ဧရိယာ အတွင်း ဆွဲဝင် ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ တားဆီးခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့နောက်တွင် စိုးပိုင်သွေး အပိုင် ခေါင်းတိုက်ချက် ဂိုးသမား ကာကွယ်ခဲ့၍ ပထမပိုင်း အပြီး ၃-၀ဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် ပရိသတ်များ ထံမှ အားမလို အားမရသံများ ပိုမို ထွက်ပေါ် လာခဲ့ပြီး မြန်မာ အသင်းမှာလည်း နောက်ထပ် ဂိုးရရှိရေး ခက်ခက်ခဲခဲ ကြိုးပမ်း နေခဲ့ရသည်။ ၄၈မိနစ်တွင် ညာခြမ်းမှ ဖြတ်တင်ဘောမှ ဂိုးပေါက်ရှေ့ရှိ ကောင်းဆက်နိုင် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အခွင့်အရေး ဖြုန်းတီး ပစ်ခဲ့သည်။ ၅၁မိနစ်တွင် ညာခြမ်းတိုက်စစ်မှ တဆင့် စိုးပိုင်သွေး အပိုင် ပိတ်သွင်းခွင့် ကောင်းမွန်သော်လည်း တိုင်ထိ ထွက်ခဲ့သည်။ ၅၆မိနစ်တွင် စိုးပိုင်သွေး နေရာ ၀င်ရောက် ကစားခဲ့သည့် သီဟဇော် တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ကောင်းဆက်နိုင် ဘယ်ခြမ်းမှ ဖြတ်တင် ပေးရာမှ ရန်နိုင်ထွေး အပိုင် အခွင့်အရေး ရခဲ့သော်လည်း ဖြုန်းတီး ခဲ့ပြန်သည်။
၆၆မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင် ကစားရာမှ ဧရိယာအတွင်း အပိုင် ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အခွင့်အရေးအား မြန်မြန်ဆန်ဆန် အသုံးချ နိုင်ခြင်း မရှိခဲ့ပေ။ ၆၉မိနစ်တွင် ရန်နိုင်ထွေး ကွင်းလယ်မှ ဆွဲပြေး ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့ပြန်သည်။ ထို့နောက်တွင် မြန်မာ အသင်း ဂိုးရရှိရေး ကြိုးပမ်းမှုများ ဆက်တိုက် အရာမထင် ဖြစ်နေခဲ့ပြန်သည်။ ၈၄မိနစ် အရောက်တွင် လူစားဝင် ကစားသမား သီဟဇော်က ဧရိယာ အတွင်း တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းရာမှ မြန်မာတို့ စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ကစားပုံ ပြန်လည် ကောင်းမွန် လာခဲ့ပြီး ဂိုးများ ထပ်မံ ရရှိခဲ့သည်။ ၈၈မိနစ်တွင် လူစားဝင် ကစားသမား သီဟဇော် ကပင် နောက်တစ်ဂိုး သွင်းယူ ပေးခဲ့ပြီး နောက်တစ်ဂိုး ထပ်ရခဲ့ပြန်သည်။ နာကျင် အချိန်ပို တစ်မိနစ်တွင် ရဲကိုဦးက နောက်ထပ် တစ်ဂိုးအား လှလှပပ သွင်းယူ ပေးခဲ့ပြီး မြန်မာအသင်း အတွက် ၆ဂိုးမြောက်အား သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် ဂိုးရရှိရေး အခွင့်အရေးများ ထပ်မံ ရရှိခဲ့ သော်လည်း ဂိုးရရှိခြင်း မရှိတော့ဘဲ ၆ဂိုးဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
-- ဓါတ်ပုံမမြင်ရရင် ဘလော့မှာကြည့်http://www.bsphoekhaing.blogspot.com/

မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်