Share |
ဝိန်းရွန်နီသည် အင်္ဂလန် လက်ရွေးစင် အသင်းတွင် အမြဲတမ်း အလိုအလျောက် ပါဝင်ခွင့် ရနေသူ မဟုတ်နိုင်ကြောင်း အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လိုက သတိ ပေးလိုက်သည်။
အသက်(၂၅)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသည် ဥရောပ ဖလား ခြေစစ်ပွဲ မွန်တီနီ ဂရိုးနှင့် ပွဲစဉ်တွင် တိုက်ရိုက် အနီကတ် ထိပြီးနောက် အင်္ဂလန် လက်ရွေးစင် အသင်း၏ ဥရောပ ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များနှင့် လွဲချော်မည့် အခြေအနေမျိုး ကြုံနေရသည်။ ကာပယ်လိုသည် ရွန်နီ မပါဝင်သည့် အင်္ဂလန် အသင်းကို စမ်းသပ် ဖော်ဆောင်ရန် ပြင်ဆင်နေပြီး နိုဝင်ဘာလ အတွင်း စပိန်နှင့် ခြေစမ်းမည့် ပွဲစဉ် လူစာရင်းတွင် ရွန်နီအား ချန်လှပ် ထားရန် ပြင်ဆင်နေသည်။
အီတလီသား မန်နေဂျာကြီးက “ကျွန်တော် ရွန်နီကို အမြဲတမ်း ရွေးနေတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ပိုကောင်းတဲ့ ရလဒ်မျိုး ဖြစ်နိုင်တယ် ဆိုရင် ကျွန်တော့် အနေနဲ့ တစ်ခုခုကို ရွေးချယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ မန်နေဂျာ တစ်ယောက် အနေနဲ့ ကျွန်တော်ဟာ ကစားသမားကောင်းတွေ အများကြီးကို အရန်ခုံမှာ ထားခဲ့ ရဖူးပါတယ်။ ကျွန်တော် အမြဲတမ်း တွေးတာက လောလောဆယ် အကောင်းဆုံး ကစားနိုင်တာ ဘယ်သူလဲ ဆိုတဲ့ အချက်ပါ” ဟု ပြောဆိုသွားသည်။ ရွန်နီသည် မွန်တီနီ ဂရိုးနှင့် ပွဲတွင် ပြိုင်ဘက် ကစားသမားကို နောက်မှ ကန်ခဲ့ခြင်း အတွက် တိုက်ရိုက် အနီကတ် ထိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရွန်နီသည် အဆိုပါ ကိစ္စအတွက် UEFA အနေနှင့် ၎င်း၏ ပြစ်ဒဏ်ကို သက်ညှာစွာ ချမှတ်ပေးရန် တောင်းဆို ထားကြောင်းလည်း သိရှိရသည်။ ရွန်နီသည် ဥရောပ ဖလားတွင် ၎င်း၏ ပြစ်ဒဏ်ကို (၁)ပွဲပယ်သာ သတ်မှတ်ပေးရန် UEFA ထံသို့ အသနား ခံစာ ပေးပို့ထားသည်။ UEFAသည် တိုက်ရိုက် အနီကတ် အတွက် (၃)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်မည်ဟု ယေဘုယျ သတ်မှတ် ထားသော်လည်း ပြန်လည်စဉ်းစား စီစစ်ပြီး သက်ညှာသော ပြစ်ဒဏ်မျိုး ချမှတ်မှုများလည်း ရှိသည်။ ရွန်နီ၏ ကိစ္စကို ကြာသပတေး နေ့တွင် ပြစ်ဒဏ် အတည်ပြု ဆုံးဖြတ်မည် ဖြစ်ပြီး ရွန်နီ အနေနှင့် ဒိုင်၏ ဆုံးဖြတ်ချက်ကို စောဒက မတက်ဘဲ လေးလေးစားစား လိုက်နာ ခဲ့ခြင်းကြောင့် ၎င်းအတွက် အခွင့်အရေး ရှိလာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်လျက် ရှိသည်။

UEFA ထံ ပွဲပယ်ပြစ်ဒဏ်အတွက် တောင်းဆိုးထားသည့် ရွန်နီ

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်