လီဗော်နိုအသင်းအတွက် ကစားပေးနေစဉ် သေဆုံးခဲ့သည့် အီတလီဘောလုံးသမား ပီယာမာရီယို မိုရိုစီနီအတွက် ကမ္ဘာတစ်ဝှမ်းမှ ၀မ်းနည်းကြောင်းများ ထုတ်ဖော်ပြသ
အီတလီဘောလုံးသမား မိုရိုစီနီမှာ လီဗော်နိုအသင်းအတွက် ကစားပေးနေစဉ် ကွင်းအတွင်း လဲကျသေဆုံးခဲ့သည်။ အီတလီ ယူ-21 ကွင်းလယ်ကစားသမားဟောင်း မိုရိုစီနီမှာ စီးရီးဘီ၏ လီဗော်နိုအသင်းတွင် အူဒီးနီးစ်အသင်းမှ အငှားကစားသမားအနေဖြင့် ကစားနေခဲ့ပြီးမှ လီဗော်နိုအသင်းပိုင် ကစားသမားဖြစ်လာခဲ့သူ ဖြစ်သည်။ ကွင်းအတွင်း လဲကျခဲ့သည့် 25 နှစ်အရွယ် မိုရိုစီနီကို ဆေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပက်စ်ကာရာ၏ ဆန်တိုစပီရီတို ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ကြေငြာချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သေဆုံးခဲ့သည့် အီတလီသားအတွက် ကမ္ဘာတစ်ဝှမ်းမှ နာမည်ကြီးများအပါအ၀င် အားလုံးက ၀မ်းနည်းကြောင်း လေးလေးစားစား ပြုလုပ်ပေးခဲ့ကြသည်။
အင်တာမီလန်နှင့် ဟော်လန်ကစားသမား စနိုက်ဒါက ``မိုရိုစီနီ - ငြိမ်းချမ်းမှုမှာ အနားယူနိုင်ပါစေ´´ ဟု ပြောကြားခဲ့သလို မန်စီးတီးကပ္ပတိန် ကွန်ပနီကလည်း ``အံ့သြထိတ်လန့်စရာ သတင်းကို ကျွန်တော် ကြားလိုက်ရတာပါ။ သူ့အနေနဲ့ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ ကျွန်တော်တို့အားလုံး သူ့မိသားစုနဲ့ ကလပ်အတွက် လိုအပ်မယ့် အားအင်တွေ အမြန်ဆုံးပြန်ရှာတွေ့ဖို့ ဆန္ဒပြုပါတယ်။ ´´ ဟု ပြောကြားခဲ့သည်။ ကွန်ပနီ၏ အသင်းဖော် အဂူရိုကလည်း ``ကျွန်တော့်အတွက် ၀မ်းနည်းစရာ နေ့တစ်နေ့ပါပဲ။ သူ့မိသားစုနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရပါတယ်။´´ ဟု ပြောကြားသွားခဲ့သည်။
မိုရိုစီနီ၏ ကလပ်အသင်းကိုလည်း ထပ်တူခံစားကြေကွဲရကြောင်း အီတလီထိပ်တန်းကလပ်များစွာက သ၀ဏ်လွှာပေးပို့ခဲ့ကြသည်။ အင်တာအသင်း၏ ၀က်ဘ်ဆိုက်တွင် ``မက်ဆီမို မိုရက်တီနဲ့ မန်နေဂျာ စထရာမာစီယိုနီအပါအ၀င် အသင်းမှာရှိသူတိုင်း မိုရိုစီနီဆီ ဆက်သွယ်ခဲ့ကြပါတယ်။ ခက်ခဲတဲ့ ကာလအတွင်းမှာ အူဒီးနီးစ်၊ လီဗော်နို၊ သူ့မိသားစုနဲ့အတူ အနီးဆုံးမှာ ရှိနေပါတယ်။´´ ဟု ဖော်ပြထားခဲ့သည်။ အသင်းခေါင်းဆောင် ဇနက်တီကလည်း ``မိုရိုစီနီ ဖြစ်ပျက်တာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့အားလုံး ရှော့ခ်ဖြစ်သွားရပါတယ်။ ကျွန်တော်တို့အားလုံးကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့ပါတယ်။ ၀မ်းနည်းစရာဖြစ်ပျက်ခဲ့တာကြောင့် ပွဲစဉ်တွေအားလုံး ရွှေ့ဆိုင်းလိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော့်အသင်းဖော်တွေ အားလုံးမှာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ စာနာမှုတွေက သူ့မိသားစုနဲ့ ထပ်တူရှိနေပါတယ်။´´ ဟု ပြောကြားသွားခဲ့သည်။
အီတလီဘောလုံးအဖွဲ့ချုပ်ကလည်း စီးရီးအေနှင့် စီးရီးဘီရှိ ပွဲစဉ်များအားလုံးကို မိုရိုစီနီ၏ ဈာပနအခမ်းအနားကျင်းပနိုင်ရန် တစ်ပတ်ရွှေ့ဆိုင်းခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် အီတလီသတင်းစာများစွာကလည်း သေဆုံးခဲ့သည့် မိုရိုစီနီအတွက် ၀မ်းနည်းကြောင်း ဖော်ပြခဲ့ကြကြောင်း သိရှိရသည်။
သေဆုံးသွားခဲ့သည့် မိုရိုစီနီမှာ အီတလီ ယူ-21 အသင်းအတွက် 18 ပွဲ ကစားပေးခဲ့ပြီး အတ္တလန်တာ၏ လူငယ်အကယ်ဒမီမှ အူဒီးနီးစ်သို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။ ထို့နောက် ဘိုလော့နာသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီး ရက်ဂျီးနား၊ ဗီယာစင်ဇာ တို့သို့ ပြောင်းရွှေ့ခဲ့ပြီးမှ လီဗော်နိုသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်