
ဘော့စ်မန် ဥပဒေ အသက်ဝင်လာပြီး ဘောလုံး သမားတွေလက်ထဲ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး ခွင့်တွေပိုပို ရလာတဲ့ မျက်မှောက် ခေတ်မှာ နည်းပြ တွေ၊ အသင်း တာဝန်ခံ တွေအနေနဲ့ လုပ်စရာ နည်းလမ်း သိပ်မရှိလှတော့ ပါဘူး။ ဒီလို နည်းပါးသွားတဲ့ နည်းတွေထဲမှာ အကောင်းဆုံး နည်းကတော့ ဘောလုံး သမား စိတ်ပြောင်း သွားအောင် ဖျောင်းဖျတဲ့ နည်းပါပဲ။
လက်ရှိ အသင်းမှာ ဆက်နေခြင်းအားဖြင့် အကျိုးကဘာ၊ အပြစ်က ဘယ်လို၊ တခြား အသင်းကို ပြောင်းသွား မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးတရား၊ ဒါတွေကိုနှိုင်းယှဉ်ချိန်ထိုးပြ။ ဘောလုံး သမားရဲ့ ဆန္ဒက ဘာလဲ၊ အဲဒီဆန္ဒ ပြည့်မီအောင် အသင်းအနေနဲ့ ဘာတွေဘာတွေလုပ်ဖို့ အစီ အစဉ်ရှိ တယ်ဆိုတာ ဆွေးနွေး၊ ဒီလိုနဲ့ပြောင်းချင်တဲ့သူ မပြောင်းဖြစ်တော့အောင် လုပ်တဲ့ နည်း ဖြစ်တယ်။
မနှစ်က ဘောလုံးရာသီ ထက်ဝက် ကျိုးချိန်လောက်မှာ ရူနီဟာ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တုန်းက ရလာခဲ့တဲ့စိတ်ဒဏ်ရာတွေ အသင်း တာဝန်ခံတွေ အနေနဲ့ အသင်းရဲ့ အနာဂတ် အပေါ် လျစ်လျူရှု တယ်လို့ ထင်စရာကောင်းတဲ့ လုပ်ရပ်တွေ ကြောင့် မကျေမနပ် ဖြစ်တာတွေ စုပြုံပြီး ဒွေးရော ဥပါဒ်ပါကပ် ရောက်တဲ့အတွက် ဒီအသင်းက သူ့ကို ပြောင်းခွင့် ပေးပါလို့တောင်း ဆိုဖူးတယ်။ အဲဒီတုန်းက မန်ယူ အသင်းက တာဝန်ရှိသူတွေ အထူးသဖြင့် ဖာဂူဆန်ဟာ ဘောလုံးသမားနဲ့ ဒူးတိုက်ဆွေး နွေးပြီး ဒီအင်္ဂလန် တိုက်စစ်မှူး လေးရဲ့ ခံစားချက်တွေကို ဖြေ သိမ့်ပေးခဲ့တယ်။
နောက်ဆုံးနှစ်ဦး နှစ်ဖက် နားလည်မှုရ၊ အသင်း ပြောင်းခွင့်တောင်းထားတာကိုပြန် ရုတ်သိမ်း၊ အသင်းအနေနဲ့ သမိုင်း မှတ်တိုင်သစ် စိုက်ထူခြင်းဖြစ်တဲ့ ၁၉ ကြိမ်မြောက် အမှတ်ပေး ချန်ပီယံ ဘွဲ့ရယူရာမှာ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့တယ်။ဒါဟာအသင်းရဲ့တာဝန် ရှိသူတွေအနေနဲ့ လုပ်နိုင်တဲ့နည်းလမ်းတွေထဲမှာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော် သွားပြီး ဘောလုံးသမားအနေ နဲ့ နောက်တစ်သင်းကိုပြောင်းဖို့ သန္နိဋ္ဌာန်ချပြီးသွားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်အောင် ဖျောင်းဖျဖို့ မဖြစ်နိုင် တော့ဘူးဆိုရင်တော့ နောက်နည်း လမ်း တစ်ခုပြောင်း သုံးဖို့လို ပါတယ်။ပြောင်းသုံးရမယ့် ဒုတိယနည်းလမ်းက သူလည်း မနစ် နာ၊ အသင်းအတွက်လည်း အကျိုးရှိစေသောအပေးအယူ လုပ်ခြင်း ပဲဖြစ်ပါတယ်။
ဒါကိုလည်း မန်ယူနည်းပြဖာဂူဆန် ကျင့်သုံးတာတွေ့ခဲ့ဖူး ပါတယ်။ ၂၀ဝ၈ ခုနှစ် ဘောလုံးရာသီမှာ ရော်နာဒိုဟာ အဲဒီအချိန်အထိ သူ့အတွက် အပြောင်မြောက် ဆုံးစွမ်းရည် တွေကို ထုတ်ပြပြီး အိုးလ်ထရက် ဖို့ဒ် အခြေစိုက်အသင်းရဲ့ ၂၀ဝ၇ ခုနှစ် EPL ချန်ပီယံသရဖူကာကွယ်ပွဲမှာ အဓိကအခန်းကပါဝင်ခဲ့တယ်။ စွမ်းဆောင်ရည်တွေ ဘယ်လောက် ပြောင်မြောက် သလဲဆိုရင် ငွေကြယ် စင်စု(၂)ကို ဘာနေဗျူးမှာ ပြန်လည်တည်ဆောက် နေတဲ့ ရီးယဲလ်မက်ဒရစ် ဥက္ကဋ္ဌပီရက်စ်က သူ့ကို မဖြစ်မနေ ခေါ်ရပါမှလို့ ဖြစ်လာစေခဲ့တယ်။ မန်ယူဆိုတာ အင်မတန် အစဉ်အလာ ကြီးမားသော၊ အားပေးသူပရိသတ်အင်အား အလွန်များပြားသော ကမ္ဘာပေါ်မှာ အချမ်း သာဆုံး ကလပ်အသင်းရယ်လို့ အသိ အမှတ်ပြုရသော အသင်းဆိုတာ လူတိုင်းလက်ခံပါတယ်။ ဒီလိုအသင်း ရဲ့ ဘောလုံးသမားအစုအဖွဲ့ထဲက ဘောလုံးသမား တစ်ဦးသည်ပင်လျှင် ရီးယဲလ်ရဲ့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ပါဘူး။
ဒါကြောင့် ၂၀ဝ၈ ခုနှစ် ဘောလုံးရာသီအကုန် မှာ ပေါ်တူဂီတိုက်စစ်မှူး မက်ဒရစ်ကို ကူးတော့မယ်ဆိုတဲ့သတင်းတွေ ထွက် လာတယ်။ ထွက်လာတဲ့ သတင်းတွေ ကလည်း ခိုင်လုံတယ်။ ဒါကြောင့် နှစ်ထပ်ကွမ်း EPL ချန်ပီယံမန်ယူ ဟာ ၃ ကြိမ်ဆက်တိုက် အမှတ် ပေးချန်ပီယံ သရဖူဆောင်းရေး ကြိုးပမ်းမှုမှာ အထက်မြက်ဆုံး လက်နက်မပါဘဲကြုံးရုန်းရတော့ မယ့် အနေအထား က ဖြစ်လာ တယ်။ဒီမှာတင်မန်ယူနည်းပြ လစ္စဘွန်းကို လိုက်သွားခဲ့ တယ်။ဘာတွေပြော၊ဘယ် လိုညှိနှိုင်း၊ဘယ်သို့သော သဘောတူညီချက်တွေ ရခဲ့တယ်မသိဘူး။ ရော် နာဒိုဟာ သူ့နည်းပြ အတွက် ၂၀ဝ၉ ခုနှစ် တစ်နှစ်ထပ်ကစားဖို့ သဘောတူခဲ့တယ်။ အမှန်ပေးချန်ပီယံ ၃ နှစ် ဆက်တိုက် နှစ်ကြိမ်ရယူဖူးသော တစ်သင်း တည်းသော အင်္ဂလိပ် ကလပ်အသင်း အဖြစ် မှတ်တမ်း ဝင်ခဲ့တယ်။
ရော်နာဒိုလည်း အသင်းအတွက် အဲဒီလိုပေးဆပ် ပြီးတဲ့အခါ ဒီနေ့အထိ ကမ္ဘာ့စံချိန်အဖြစ်တည်ရှိနေသော ပြောင်းရွှေ့ခ ပေါင်သန်း ၈၀ နဲ့ ဘာနေဗျူးကို ကူးသွားခဲ့တယ်။ ဒီဖြစ်ရပ် တွေကနေ ကောက်ချက်ဆွဲ ကြတာကတော့ ဖာဂူဆန်ဟာ ရော်နာဒိုကို ရာသီအကုန် မှာ ဘာအဟန့်အတားမှမရှိစေဘဲ အသင်းပြောင်းခွင့်ပေးမယ်၊ တစ်နှစ် တော့ အသင်း အတွက် အကောင်းဆုံး ပေးဆပ်သွားပါလို့ တောင်းဆို တယ်၊ ဘောလုံးသမားကလည်း သဘောတူခဲ့တယ်လို့ ယူဆကြတယ်။ ဒီအဆင့်အထိ ကြိုးစားခဲ့တယ်။ မရဘူး၊ မအောင်မြင်ဘူးဆိုရင် ဘာဆက် လုပ်ရမလဲလို့ မေးလာရင်တော့ အင်မတန်ရိုးစင်းလှတဲ့အဖြေက အသင့်စောင့်နေပါတယ်။ ဒါဆိုရင် ဘာမှဆက်မလုပ်နဲ့တော့။ လက်လျှော့ ထားလိုက်တော့။
သူ့ဆန္ဒအတိုင်းလုပ်ဖို့ ခွင့်ပြုလိုက်ပါဆိုတဲ့ အဖြေပဲဖြစ် ပါတယ်။ ဘော့စ်မန်ဥပဒေအတည်ဖြစ်သွားတဲ့အချိန်ကစပြီး လုပ်ပိုင် ခွင့် ချိန်ခွင်လျှာဟာ ဘောလုံးသမားတွေဘက်ကို ယိမ်းသွား ခဲ့တယ်။ ဘောလုံးသမား ဆန္ဒနဲ့ဆန့်ကျင်ပြီး ဇွတ်တိုး လုပ်ခဲ့ရင် ဘာတစ်ခုမှကောင်း တာဖြစ်မလာပါဘူး။ နှစ်ဦးနှစ်ဖက် အကျိုးယုတ်တာပဲ အဖတ်တင်ပါ လိမ့်မယ်။ သာဓက အဖြစ်ပြ ရရင် ၂၀၁၁ ခုနှစ် ဘောလုံးရာသီအတွင်း ဖာဘရီဂက်စ် ဘာတွေဖြစ်ခဲ့တယ်။ အဲဒီရဲ့အကျိုးဆက်က ဘာဆိုတာ လေ့လာလိုက်ရင် သိနိုင်တယ်။ ဖာဘရီဂက်စ်ကို ရှာဖွေပြုစု ပျိုးထောင် ပေးခဲ့ တာက ဘာစီလိုနာ အသင်းဖြစ်ပါတယ်။ သူ့ကို ပြောင်လက်လာအောင် အရောင်တင်ပေးခဲ့ တာကျတော့ ဝင်းဂါးနဲ့အာဆင်နယ်ပါ။ ဒီကျေးဇူးတွေကို စပိန်ကွင်း လယ်လူက အသိအ မှတ်ပြုတယ်။
ကျေးဇူးလည်းတင်တယ်။ သို့ပေမယ့် သူ့ရင်ထဲမှာတော့ သူ့ဇာတိမြေ၊ သူကြီးပြင်း ရာအရပ်ကိုတမ်းတတဲ့ အစို့အညှောက်လေးက တော့ရှိနေတယ်။ ခြောက်နှစ်လောက် မြုပ်နေတဲ့ ဒီအစို့အညှောက် လေးဟာ ၂၀၁၀ ခုနှစ်ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာပါဝင်ရင်း ဌာနေက အပေါင်းအသင်းတွေနဲ့ တစ်လ ကျော်လက်ပွန်းတတီးနေလိုက်ရတဲ့အခါ အပင်ထ ပေါက်ပြီး နေ့ချင်းညချင်းကြီး ထွားလာတယ်။ ဘာစီလိုနာကို သွားချင် စိတ်တွေ တဖွားဖွားပေါ်လာတယ်။ သို့ ပေမယ့်ကျေးဇူးတရားစောင့်ထိန်းတဲ့အနေ နဲ့ ဘာမှဖွင့်မပြောဘဲ ကြိတ်မှိတ် အောင့် အည်းခဲ့တယ်။ ကျေးဇူးသိတတ်တာဟာ ချီးကျူးသင့်တဲ့ကိစ္စဖြစ်ပေမယ့် သူ့ရဲ့မပွင့် လင်းမှုက သူ့ကိုရောအသင်းကိုပါ ဒုက္ခဖြစ်စေခဲ့ တယ်။
သွားချင်တဲ့စိတ်ကို ချိုးနှိမ်ရတဲ့ စိတ်ဖိစီး မှုတွေကသူ့ရဲ့ခြေစွမ်းကိုကျဆင်းစေခဲ့တယ်။ သူ့အတွက် လည်းမကောင်း၊ အသင်းကိုလည်း အကျိုးယုတ်စေခဲ့တယ်။ ဖာဘရီဂက်စ်ဟာ ဒါကို သင်ခန်းစာယူခဲ့တယ်။ ဒီနှစ်ရာသီအစ ပိုင်းမှာကျတော့ ဘာစီလိုနာကို မဖြစ်မနေပြောင်းဖို့ ကြိုးစားတယ်။ သူတစ်ယောက်တည်းလားဆိုတော့မဟုတ်။ အာဆင်နယ်အသင်းရဲ့ ကွင်း လယ်မှာ သူနဲ့အတွဲညီတဲ့ နာဆရီကလည်း ဖလားလက်မဲ့ရာသီပေါင်းများ စွာကိုဖြတ်ကျော်ရတာ စိတ်မရှည်တော့လို့ အသင်းပြောင်းဖို့ ကြိုးစား လာတယ်။ ဒါဟာ ဝင်းဂါးကို အကြီးအကျယ် အခက်တွေ့စေခဲ့တယ်။ ဒီကွင်းလယ်လူနှစ် ယောက်မရှိခြင်းသည် သူ့ရဲ့လက်ရုံးနှစ်ဖက် ပြုတ်ခြင်း နဲ့ အတူတူပဲဖြစ်တယ်။
ဒါကြောင့် နောက်ဆုံးအချိန်၊ နောက်ဆုံးမိနစ်အထိ ဟန့်တားမယ်လို့ အာဆင်နယ်နည်းပြက ပြောခဲ့တယ်။ ပြောသလိုလည်း ကြိုးစားခဲ့တယ်။ သို့ပေမယ့် အားလုံးအတွက် ကံကောင်း စွာပဲ သူ့ဟန့် တားမှု မအောင်မြင်ဘူး။ ဖာဘရီဂက်စ်က ဘာစီလိုနာ၊ နာဆရီက မန်စီးတီး ကိုကူးသွားခဲ့တယ်။ ဘောလုံးသမားနှစ်ယောက်အဖို့ သူတို့လိုဘပြည့်သွား မို့ ကံကောင်း တယ်လို့ ပြောတာ လက်ခံနိုင်ပေမယ့် ဝင်းဂါးနဲ့ အာဆင်နယ် အတွက် ကံကောင်းတယ်ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ် လို့ သံသယစိတ်နဲ့ စောဒကတက်စရာရှိပါတယ်။ မဟုတ်ဘူး။ တကယ် ကံကောင်းခဲ့ကြတာပါ။ ဖာဘရီဂက်စ်နဲ့နာဆရီသာ အာဆင်နယ်မှာရှိနေဦး မယ်ဆိုရင် အာဆင်နယ်နည်းပြဟာ သူ့ရဲ့ငြင်းမရအောင် မှားနေမှန်းသိသာ တဲ့ လူငယ် စီမံကိန်းကို လက်လျှော့ဖြစ်မယ် မထင်ဘူး။ အပြောင်းအရွှေ့ မဖြစ်ခင် သူ့ရဲ့ဘောလုံးသမားဝယ်ယူ စုစည်းမှုတွေက ပြင်မှာမဟုတ် ဘူးဆိုတာကိုပြနေတယ်။
အားလုံးဟာ ငယ်ရွယ်တယ်၊ အားလုံးဟာ တစ်ဦးချင်းစွမ်းရည် ထက်မြက်တယ်၊ အားလုံးနီးပါး ကိုယ်ခန္ဓာတည် ဆောက်မှု အလုံးအဖန်သေးတယ်။ သို့ပေမယ့် ကွင်းလယ်မှာ သူ့ရဲ့လက်ရုံး နှစ်ဖက်မရှိ၊ အတွေ့အကြုံ နည်းပါးတဲ့ ဘောလုံးသမားလေးတွေကို ဦးဆောင်မယ့်သူတွေမပါဘဲ ကွင်းထဲလွှတ်ပေးလိုက်ရင် ဘာဖြစ်နိုင်တယ်ဆိုတာ မန်ယူနဲ့ပွဲက သင်ခန်း စာပေး လိုက်တာကြောင့် သူ့ရဲ့ဘောလုံးသမားစုစည်းမှု မူဝါဒကို ပြောင်း လိုက်ရတယ်။ နွေရာသီ ဘောလုံးသမားဈေးကွက်ပိတ်ခါနီး ခေါ်ယူခဲ့တဲ့ မာတီဆက်ကာ၊ ဆန်းတို့စ်၊ ပတ်ချူ ယောင်၊ အာတေးတာ၊ ဘီနာယောင်တို့ အားလုံးဟာ အဆင့်မြင့်ပွဲအမျိုးမျိုးတွေနဲ့ ကြုံဖူးဆုံဖူးပြီးသားတွေ၊ ကျဉ်းထဲကျပ်ထဲရောက်ရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မယ့်သူတွေ မဟုတ်ဘူး။ နောက်ပြီး ကစားဖော်တွေရဲ့ ကျောရိုးကို တောင့်လာအောင် ခိုင်နိုင်လာအောင် လုပ်ပေးနိုင်တယ်။
ဝင်းဂါးနဲ့ အာဆင်နယ်ကံကောင်း တယ် ဆိုတာ ဒါကိုဆိုလိုတာပါ။ ဂါဗင်ဟို၊ ဆောင်း၊ ဝီလ် ရှိုင်းယား၊ ဂစ်တို့ ဒဏ်ရာနဲ့ပွဲပယ်ပြစ်ဒဏ်တွေက ပြန်လာ၊ မန်ယူနဲ့ပွဲမှာ ပွဲထွက်သူ တွေနဲ့ ပေါင်းစည်း၊ ဒါနဲ့ ကျေနပ် နေမယ်၊ ခုလိုအတွေ့အကြုံရင့် ဘောလုံး သမားတွေသာ မခေါ်ဖြစ်ခဲ့ရင် အာဆင်နယ် ဆုံးရှုံးရမှာက ချန်ပီယံလိဂ် နေရာတွင်မကဘူး၊ ယူရိုပါလိဂ် နေရာ အတွက် တောင် မျက်ခုံး လှုပ်တယ်။ သို့ပေမယ့် ခုလိုသမ္ဘာရင့် ဘောလုံးသမားတွေရောက်လာခြင်းဟာ အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေကို ပြန်လည်ရှင်သန် လာစေခဲ့ တာဖြစ် ပါတယ်။ ဒါကြောင့် ဘောလုံး သမား တစ်ယောက် အသင်း ပြောင်းချင်တယ်ဆိုလာခဲ့ရင် သူစိတ်ပြောင်းလာအောင် ဖျောင်းဖျ ကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင် ညှိနှိုင်းပါ။ ဒီအတိုင်း ညှိနှိုင်းတာ မအောင်မြင်ဘူး ဆိုရင်တော့ လက်လျှော့လိုက်ပြီး သူ့သဘော အတိုင်းလုပ်ဖို့ ခွင့်ပြုသင့်ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်