BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 6, 2011

ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင် တိုင်းရင်းသား သူရဲကောင်းများ




image of Kachin Rangersဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဒီဇင်ဘာလမှာ ဗိုလ်ချုပ် ဂျိုးဇက်စတီးဝဲလ် (Joseph Stilwell) ဦးဆောင် ဖောက်လုပ်ခဲ့တဲ့
သမိုင်းဝင် လီဒိုလမ်းမကြီး အကြောင်းကို အရှေ့ပိုင်းမှာ ရေးဖူးပါတယ်။ ဒါပေမဲ့ လီဒိုလမ်းမကြီးနဲ့ ဆက်စပ်ပြီး Burma Campaign လို့ခေါ်တဲ့ မြန်မာနိုင်ငံကနေ ဂျပန်နယ်ချဲ့တွေကို တိုက်ထုတ်ခဲ့ရာမှာ ကချင်လူမျိုးများရဲ့ ပါဝင်စွမ်းဆောင်ခဲ့တဲ့ အခန်းကဏ္ဍ ရှိခဲ့တယ်ဆိုတာကို မသိကြသေးတဲ့ သူတွေအတွက် ဗဟုသုတအဖြစ် သမိုင်းအထောက်အထားများကို ဆက်လက်ရှာဖွေ တင်ပြလိုက်ပါတယ်။
စစ်အတွင်းကာလ ၁၉၄၂ ခု နှစ်ဦးပိုင်းမှာ CBI (China - Burma - India) စစ်မျက်နှာစာမှာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေအနေက သိပ်မကောင်းလှပဲ ဖြစ်နေပါတယ်။ နယ်ချဲ့ဂျပန်တွေက ဂျာဗားပင်လယ်က အင်္ဂလိပ်ရေတပ်တွေကို တိုက်ထုတ်ပြီး ဖေဖေါ်ဝါရီလမှာ စင်ကာပူကျွန်းကို သိမ်းပိုက်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂျပန်တွေက အင်ဒိုနီးရှားကျွန်းတွေ နဲ့ မြန်မာပြည်ကို ကျူးကျော်တိုက်ခိုက် လာပါတယ်။
မြန်မာပြည် လားရှိုးမြို့ကနေ တရုတ်ပြည် ကူမင်းမြို့အထိ ဖောက်လုပ်ထားတဲ့ Burma Road ဟာလည်း ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေအတွက် လက်နက်ရိက္ခာ ထောက်ပံ့ပေးဖို့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေလို့ ဂျပန်ကိုခုခံတိုက်ခိုက်ဖို့ ကူမင်တန်တပ်တွေ မြန်မာပြည်ထဲကို ရောက်ရှိလာပါတယ်။ အမေရိကန်မှ ဗိုလ်ချုပ် စတီးဝဲလ် ကလည်း CBI ရဲ့ စစ်ဦးစီးချုပ်အဖြစ် အမေရိကန်တပ်ဖွဲ့ကို ဦးဆောင်ပြီး ကူမင်တန်တရုတ်တပ်တွေကို ကူညီထောက်ပံ့ဖို့ ရောက်လာပါတယ်။
ဒါပေမဲ့ စတီးဝဲလ် ရောက်လာတဲ့ ၁၉၄၂ ခု မတ်လထဲမှာပဲ ဂျပန်တွေက ရန်ကုန်ကို သိမ်းပိုက်ပြီး မြန်မာပြည်မြောက်ပိုင်း ရထားလမ်းတလျှောက် မန္တလေး နဲ့ မြစ်ကြီးမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။ တရုတ်ကူမင်တန် တပ်ဖွဲ့ကလည်း ဂျပန်ကိုခုခံဖို့ အင်အားမရှိတော့ပဲဖြစ်နေကာ စတီးဝဲလ်အဖို့ ရွေးချယ်စရာ နှစ်လမ်းပဲရှိပါတော့တယ်။ အိန္ဒိယဘက်ကို ထွက်ပြေးမလား ဒါမှမဟုတ် စစ်သုံ့ပန်းအဖြစ် အဖမ်းခံမလား ဆိုတာပါပဲ။ နောက်ဆုံးတော့ စတီးဝဲလ်က အမေရိကန်တပ်ဖွဲ့နဲ့အတူ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာသူနာပြုများပါဝင်တဲ့ လူအယောက် (၁၀၀) ခန့် ကို ခေါ်ဆောင်ပြီး ၀န်းသိုမြို့ကနေ အိန္ဒိယနိုင်ငံ Imphal မြို့အထိ မိုင်ပေါင်း ၂၀၀ ခရီးကို ၁၉ ရက်ကြာ ဖြတ်သန်းပြီး ဆုတ်ခွာခဲ့ပါတယ်။
စတီးဝဲလ်ဟာ မြန်မာပြည်ထဲကို ၀င်ရောက်ပြီး ဂျပန်တွေကို ပြန်လည်တိုက်ထုတ်ဖို့ နဲ့ ဖြတ်တောက်ခြင်း ခံထားရတဲ့ Burma Road ကို ပြန်လည်သိမ်းယူဖို့ အရေးပါတဲ့ လီဒိုလမ်းမကြီးကို ဖောက်လုပ်ရန် စီစဉ်နေခဲ့ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ ကူမင်တန် တရုတ်တပ်တွေကို အိန္ဒိယပြည် Ramgarh မြို့မှာ လက်နက်သင်တန်းပေးဖို့ လေယာဉ်နဲ့တဆင့် ကချင်ပြည်နယ်မြောက်ဖျား ဟိမ၀န္တာတောင်တန်းတွေကို ကျော်ဖြတ်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ အင်္ဂလိပ်တွေက စစ်စခန်း၊ အစားအစာ နဲ့ ရူပီငွေများကို ပံ့ပိုးပြီး အမေရိကန်တွေက ရေဒီယို၊ ရိုင်ဖယ်၊ မက်ရှင်းဂန်း စတဲ့ လက်နက်ခဲယမ်းများ နဲ့ စစ်သင်တန်းတွေကို ထောက်ပံ့ပေးပါတယ်။
တရုတ်ကူမင်တန်တပ်များ စစ်သင်တန်း သင်ယူနေတဲ့အချိန်မှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ကချင်လူမျိးများဟာ (ကရင်၊ ချင်း၊ ကူကီး နဲ့ နာဂ တချို့အပါအ၀င်) ကျုးကျော်လာတဲ့ ဂျပန်တပ်တွေကို ပြောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက် နေကြပါတယ်။ မွေးရာပါ ရဲစွမ်းသတ္တိကောင်းပြီး တောတောင်ကျွမ်းကျင်တဲ့ ကချင်လူမျိုးများဟာ ဓား၊ လှံ၊ လေးမြှား တွေသာ အသုံးပြုပြီး ခေတ်မီလက်နက်များ နဲ့ စစ်ဗျူဟာစနစ်တွေ မရှိကြပါဘူး။
ကချင်လူမျိုးတွေရဲ့ အစွမ်းအစကိုသိတော့ ဂျပန်တွေကို နောက်တန်းကနေ လူဦးရေနည်းနည်းနဲ့ လျှပ်တပြတ် တိုက်ခိုက်ဖို့ အစီအစဉ်နဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လထဲမှာ အင်္ဂလိပ် V-Force တပ်ဟာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက Fort Hertz ခံတပ်မှာ Kahin Rangers, Kachin Levies လို့ခေါ်တဲ့ ကချင်ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ စတီးဝဲလ်ကလည်း ရေဒီယိုအော်ပရေဒါ၊ လျှို့ဝှက်စာလုံးရေးနည်းဖော်နည်း တတ်ကျွမ်းသူ နဲ့ ဆေးဝါးပညာရှင် (၄၈) ဦးပါတဲ့ အမေရိကန်တပ်ဖွဲ့ကို လွတ်လိုက်ပါတယ်။ ကချင်ပြောက်ကျားများဟာ လက်နက်နဲ့ ထောက်လှမ်းရေး သင်တန်းများကို သင်ယူပြီး မဟာမိတ်တပ်အတွက် သတင်းပို့ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ တောလမ်းပြခြင်း စတာတွေကို ကူညီပေးခဲ့ပါတယ်။
image of Kachin Rangers
ကချင်ပြောက်ကျားတပ်ဖွဲ့ရဲ့ စွမ်းဆောင်နိုင်မှုကြောင့် ၁၉၄၃ ခု နှစ်ကုန်ပိုင်းမှာ စတီးဝဲလ်ခန့်အပ်လိုက်တဲ့ Carl F. Eifler ဦးဆောင်နေတဲ့ စစ်ဗျူဟာတပ်ဖွဲ့ (၁၀၁) (OSS Detachment 101) ထဲမှာ USA-Kachin Rangers  ခေါ် ကချင်တပ်ဖွဲ့ (၆) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး  သုံးဖွဲ့ကို ဧရာဝတီမြစ် အရှေ့ပိုင်း နဲ့ ကျန် သုံးဖွဲ့ကို အနောက်ပိုင်းမှာ နေရာချထားခဲ့ပါတယ်။ OSS Detachment 101 အဖွဲ့ဟာ ရန်သူနယ်မြေထဲမှာ သာမန်စစ်ဆင်ရေးနည်းလမ်းကို အသုံးမပြုဘဲ အမေရိကန်စစ်သမိုင်းမှာ ပထမဦးဆုံး ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး သတ်ဖြတ်မှုနှင့်ကျဆုံးမှု အချိုးအစား အမြင့်ဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
Kachin Rangers တပ်ဖွဲ့များကို စစ်ယူနီဖောင်းဝတ်စုံ၊ M-2, Thompson, 9 mm Marlin, ကာဘိုင်သေနတ် စတဲ့ လက်နက်ခဲယမ်းများကို တပ်ဆင်ပေးခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ ကချင်တပ်သားတချို့ကို Fort Hertz မှတဆင့် အိန္ဒိယပြည်သို့ စေလွှတ်ပြီး ဆက်သွယ်ရေး သင်တန်းများကို သင်ကြားစေခဲ့ပါတယ်။ ကချင်တပ်သားများဟာ ဆက်သွယ်ရေးပစ္စည်း အသုံးပြုနည်းများကို လွယ်ကူမြန်ဆန်စွာ သင်ယူတတ်မြောက်ပြီး တစ်မိနစ်အတွင်း စာလုံး ၂၅ - ၄၅ လုံးအထိ လက်ခံပို့ဆောင် နိုင်ခဲ့ပါတယ်။ သင်တန်းသား အများစုဟာ မိခင်တပ်ရင်းကို ပြန်လာရပြီး တချို့ကတော့ လေထီးများနဲ့ခုန်ချပြီး နေရာသစ်မှာ ရန်သူ့သတင်းများကို ထောက်လှမ်းရယူ ခဲ့ကြပါတယ်။
image of Kachin Rangers
ကချင်ပြောက်ကျားတပ်များရဲ့ အောင်မြင်မှုများစွာ ရှိခဲ့ပေမဲ့လည်း အစပိုင်းမှာ စတီးဝဲလ်က Kachin Rangers များရဲ့ ထိရောက်မှုကို သိပ်မယုံကြည်သေးပါဘူး။ တနေ့မှာ စတီးဝဲလ်ရဲ့ ဌာနချုပ်ရုံးကို ကချင်ပြောက်ကျား ခေါင်းဆောင်နှစ်ဦး ရောက်လာပြီး ရှေ့တန်းမှာ ဂျပန်စစ်သားများစွာကို သတ်ဖြတ်ရှင်းလင်းခဲ့တာကို ပြောပြပါတယ်။ ဒါကို စတီးဝဲလ်က သက်သေပြပါလို့ တောင်းဆိုပါတယ်။ ကချင်ခေါင်းဆောင်နှစ်ဦးက ခါးပတ်မှာချိတ်ထားတဲ့ ၀ါးကျည်ထောက်များကို ဖြုတ်ပြီး အထဲက ပစ္စည်းတွေကို စတီးဝဲလ်ရဲ့ စားပွဲပေါ်ကို သွန်ချပြပါတယ်။ စတီးဝဲလ်က ဘာတွေလဲလို့မေးတော့ "ဒါတွေက ဂျပန်တွေရဲ့ နားရွက်တွေလေ ... အားလုံးကို နှစ်နဲ့စားလိုက်ရင် ... ဂျပန်ဘယ်နှစ်ယောက်ကို သတ်လိုက်သလဲဆိုတာ အဖြေထွက်ပါတယ်" လို့ ကချင်ခေါင်းဆောင်က ဖြေကြားခဲ့ပါတယ်။ အဲဒီကစပြီး စတီးဝဲလ်က ကချင်ပြောက်ကျားတပ်တွေဟာ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ရုံမက ဂျပန်တွေကို တိုက်ခိုက်သတ်ဖြတ် နိုင်တာကို လက်ခံခဲ့ပါတယ်။
ဗိုလ်ချုပ် Frank Merrill ဦးဆောင်တဲ့ နောက်ပိုင်းမှာ Merrill's Marauders အဖြစ် ကျော်ကြားခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ကိုလည်း ကချင်ပြောက်ကျားတပ်သား (၃၀၀၀) ခန့် ပါဝင်ကူညီပေးခဲ့ပါတယ်။ "ကျနော်တို့နဲ့အတူ ကချင်လမ်းပြတစ်ယောက် အမြဲတမ်း ရှိနေပါတယ်၊ သူတို့မပါရင် ကျနော်တို့ ရှေ့တန်းကိုထွက်ဖို့ မဖြစ်နိုင်ပါဘူး ... ကချင်ပြောက်ကျားတွေက နေရာဒေသ၊ လမ်းကြောင်းတွေ သိယုံမက ဂျပန်တပ်တွေ ဘယ်မှာရှိတယ်ဆိုတာ အခြားသူတွေထက် ပိုသိပါတယ်" လို့ ဗိုလ်ကြီး Charlton Ogburn Jr. က ထုတ်ဖော်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ် ဧပြီလ ကနေ သြဂုတ်လ အထိ လေးလကြာမြင့်ခဲ့တဲ့ မြစ်ကြီးနားလေယာဉ်ကွင်း တိုက်ပွဲနဲ့ မြစ်ကြီးနားမြို့တိုက်ပွဲမှာ အမေရိကန်တပ်သား ၁၄၀၀၊ တရုတ်တပ်သား ၄၀၀၀ နဲ့ ကချင်ပြောက်ကျား ၆၀၀ တို့ပါဝင်ခဲ့ပြီး မိုးကောင်း၊ ကားမိုင်းတို့မှတဆင့် မြစ်ကြီးနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီး ကချင်ပြောက်ကျားများက ပထမဦးဆုံး မြစ်ကြီးနားလေယာဉ်ကွင်းကို တိတ်တဆိတ် ၀င်ရောက်ခဲ့ပါတယ်။ လေယာဉ်ကွင်းမှာ ထင်သလောက် ဂျပန်လုံခြုံရေးတပ်များ တင်းကျပ်မှု မရှိကြောင်းကို စတီးဝဲလ်ဆီိ လျှို့ဝှက်သတင်း ပေးပို့နိုင်ခဲ့ပါတယ်။ ဂျပန်လေယာဉ်တွေက မြစ်ကြီးနားလေယာဉ်ကွင်းကို အသုံးပြုပြီး အထောက်အပံ့ ပို့ဆောင်ပေးနေတဲ့ အမေရိကန်လေယာဉ်တွေကို ပစ်ချနေတာကြောင့် လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ဟာ စတီးဝဲလ်အတွက် အလွန်အရေးကြီးခဲ့ပါတယ်။
image of Kachin Rangers
မြစ်ကြီးနားတိုက်ပွဲ အောင်မြင်ပြီးနောက်ပိုင်း ၁၉၄၄ ခုနှစ် အောက်တိုဘာလမှာ စတီးဝဲလ်ရဲ့နေရာကို အစားထိုးရောက်လာတဲ့ ဗိုလ်ချုပ် Daniel Sultan က ဂျပန်တွေ ယိုးဒယားကိုထွက်ပြေးနိုင်မဲ့ တောင်ကြီး - ကျိုင်းတုံလမ်းကို သိမ်းပိုက်ဖို့ (၁၀၁) တပ်မှ ကချင်ပြောက်ကျားများကို ထပ်မံစေလွှတ်ပါတယ်။ ကချင်တပ်သားများက မိမိနေရပ်နဲ့  အလွန်ဝေးကွာပြီး၊ စစ်ပွဲကြောင့် ပင်ပန်းနေပေမဲ့လည်း Kachin Rangers ၁၅၀၀ ခန့် ပါဝင်ကူညီဖို့ လက်ခံခဲ့ပါတယ်။ ကချင်ရိန်းဂျားတပ်များအပါအ၀င် ကရင်၊ ဂေါ်ရခါး၊ ရှမ်း နှင့် ဗမာတပ်သားများ ၃၀၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲပြီး ဂျပန်စစ်ကြောင်းနောက်ဘက်မှ ချုံခိုတိုက်ခိုက် စေခဲ့ပါတယ်။ ရှမ်းပြည်နယ်တိုက်ပွဲအတွင်းမှာ ရန်သူဂျပန်ဘက်မှ အကျအရှုံး အယောက် (၁၂၀၀) နှင့် လူမျိုးစုံပြောက်ကျားတပ်ဖွဲ့မှလည်း အယောက် (၃၀၀) ခန့်ကျဆုံးခဲ့ရပြီး အသေအပျောက် အများဆုံးတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တိုက်ပွဲ မတိုင်မီကတည်းက ကချင်ပြောက်ကျား တပ်သားတချို့ဟာ အမေရိကန် Mars Task Force နဲ့အတူ ဗန်းမော်၊ နမ့်ခမ်း၊ လားရှိုး နဲ့ Burma Road မှာရှိတဲ့ ဂျပန်တပ်တွေ ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြောက်ကျားတပ်သားများဟာ ၁၉၄၅ ခုနှစ် မတ်လအတွင်းမှာ အဖွဲ့ဝင်ပေါင်း (၁၀၈၀၀) အထိ များပြားလာပါတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင် (၁၂) ရက်နေ့ OSS Detachment 101 ကို မဖျက်သိမ်းခင်မှာ အမေရိကန် ဗိုလ်မှုးကြီး Ray Peers က တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်ပြောက်ကျားတပ်သားများ အတွက် ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခဲ့ပါတယ်။ Kachin Rangers အဖွဲ့ဝင်အားလုံးကို အပြာရောင်ဖဲကြိုးပါ CMA (Citation for Military Assistance) တံဆိပ် နဲ့ (၁၀၁) တပ်ဖွဲ့ရဲ့အမှတ်အသား ငွေရောင်မိုးကြိုးသွား နှင့် Burma Campaign စာသားပါ တံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ ကချင်ပြောက်ကျားတွေကိုလည်း ဂျပန်ဆာမူရိုင်း ဓားတစ်လက်နဲ့  စနိုက်ပါရိုင်ဖယ်တစ်လက်စီ ပေးအပ်ခဲ့ပါတယ်။
image of CMI
ယနေ့အခါမှာ (၁၀၁) တပ်ဖွဲ့မှာ အမှုထမ်းခဲ့တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများက 0SS – 101 Association အဖွဲ့ ဖွဲ့စည်းထားပြီး ပြည်တွင်းရှိ ကချင်ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုရေး ကဏ္ဍများမှာ ကူညီပံ့ပိုးလျက် ရှိကြပါတယ်။
ပြန်လည်သုံးသပ် ကြည့်လိုက်ရင် Kachin Rangers ခေါ် ကချင်ပြောက်ကျားများဟာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်-မြန်မာ-အိန္ဒိယ စစ်မျက်နှာစာရဲ့ ကဏ္ဍမျိုးစုံမှာ ပါဝင်ခဲ့ပါတယ်။ Kachin Rangers များဟာ အင်္ဂလိပ် V-Force, အမေရိကန် OSS – 101, Merrill's Marauders နဲ့ Mars Task Force စတဲ့ မဟာမိတ်တပ်တွေနဲ့ အတူ မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း၊ တနိုင်း၊ မိုးကောင်း၊ ကားမိုင်း၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် မှ တောင်ပိုင်း မန္တလေး၊ တောင်ငူ အထိ၊ ရှမ်းပြည်နယ် လားရှိုးကနေ ယိုးဒယားနယ်စပ်အနီးထိ နယ်ချဲ့ဂျပန်တွေကို တိုက်ခိုက်ခြင်း၊ သတင်းထောက်လှမ်းပေးခြင်း၊ ရာသီဥတု သတင်းပို့ခြင်း၊ အမေရိကန် လေယာဉ်မှုးများအား ကယ်တင်ပေးခြင်း၊ ရန်သူသုံးစွဲတဲ့ တံတား ရထား စစ်သုံးကားများကို ဖျက်စီးခြင်း စသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ရဲဝံ့စွန်းစားစွာ ပါဝင်ခဲ့တာကြောင့် ကချင်သူရဲကောင်းများအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်လျက် ရှိနေပါတယ်။
ကျော်ကျော်
သြဂုတ် (၂၈) ရက်၊ ၂၀၁၁ ခုနှစ်
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!
Click image to open!


ကိုးကား။ ။
၁။ Kachin Rangers by C. H. Dr. Briscoe http://www.militaryphotos.net/
၂။ The American – Kachin Rangers by James R. Ward, OSS-101 Association http://www.oss-101.com/
Views: 225



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်