BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 6, 2011

ဝက်စ်ဘရောင်း လက်ဆောင်ဂိုးနှင့် အနိုင်ရသည့် မန်ယူ ~ မန်ယူ ၁ - ၀ ဆန်းဒါးလန်း

Share |
မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ငွေရတု အထိမ်းအမှတ် အတွက် မန်ယူ တစ်သင်းလုံး ကြိုးစားကစား ခဲ့သော်လည်း ခြေစွမ်းပိုင်းအရ အကောင်းဆုံး ရှိမနေခဲ့ဘဲ ပြိုင်ဘက် နောက်ခံလူ ၀က်စ်ဘရောင်း၏ Own Goal ဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူတွင် ရွန်နီ ကွင်းလယ်ဆင်းကာ ဖလက်ချာနှင့် တွဲဖက်ကစားပြီး ပါ့ခ်က ဘယ်တောင်ပံ ထွက်ကစားခဲ့သည်။ ရှေ့တွင် ဟာနန်ဒက်ဇ်နှင့် ၀ဲလ်ဘက်တို့ အတွဲ ပါဝင်လာပြီး နောက်တန်းတွင် ဖာဒီနန် ပြန်လည် ပါဝင်လာပြီး အသင်းခေါင်းဆောင် ဗီဒစ်နှင့် တွဲကစားခဲ့သည်။ ဂျုံးစ်မှာမူ နောက်တန်း ညာအစွန် ထွက်ပြီး နာနီနှင့် ချိတ်ကစားခဲ့သည်။ ဆန်းဒါးလန်း တွင်မူ လာဆင်၊ ဆက်ဆက်နွန်တို့ ပါဝင်ခဲ့ပြီး ရှေ့တွင် ဘန်တနာနှင့် ၀စ်ဟမ်းတို့ ပွဲထွက်လာသည်။ နောက်တန်းတွင်မူ မန်ယူ ကစားသမားဟောင်း (၃)ဦးအဖြစ် ဘရောင်း၊ ရစ်ချတ်ဆင်နှင့် ဘက်စလေတို့ ပါဝင် ကစားခဲ့သည်။

ပထမပိုင်းတွင် မန်ယူ ကစားကွက် တည်မရဘဲ ပွဲချိန် မိနစ်(၂၀)ကျော်မျှထိ ဆန်းဒါးလန်းက အသာရခဲ့သည်။ မန်ယူ အရန်ဂိုးသမား လင်ဒီဂတ်သည် ဂိုးပေါက်နား ၀ဲနေသည့် ဘောလုံးများ အတွက် ဖိအားများ ခံစားခဲ့ရသည်။ အထူးသဖြင့် လာဆင်၊ ဘန်တနာနှင့် တောင်ကိုရီးယား တိုက်စစ်မှူး ဂျီတို့က မန်ယူဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာ သဖြင့်သာ ချန်ပီယံတို့ စောစောစီးစီး ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မူ မန်ယူ ကစားကွက် ပိုမို အချိတ်အဆက် မိလာခဲ့ပြီး ဆန်းဒါးလန်းကို ပြန်လည် ဖိအားပေး နိုင်ခဲ့သည်။ ရွန်နီသည် ကွင်းလယ်တွင် နေရာစုံ ဖြည့်ကစားပေးခဲ့သော်လည်း ဖလက်ချာ ခြေစွမ်းပျောက် နေခြင်းကြောင့် မန်ယူ ကွင်းလယ်အား ထင်သလောက် တက်မလာခဲ့ဘဲ ဖြစ်နေရသည်။

မန်ယူအတွက် တစ်လုံးတည်းသော ဂိုးကို ပထမပိုင်း ပြီးခါနီးတွင် ရရှိခဲ့သည်။ ညာခြမ်းမှ ထိုးဖောက်လာသည့် နာနီ၏ အမှတ်မထင် ကန်သွင်းချက်ကို ဂိုးသမား ၀က်စ်ဝုဒ် ပုတ်ထုတ်ရာ မန်ယူတို့ ထောင့်ကန်ဘော ရသည်။ ထိုထောင့်ကန်ဘောကို နာနီက ကန်တင် ပေးလိုက်ရာ ၀ဲလ်ဘက်၏ ၀င်ရောက် ဖိအားပေးမှုကြောင့် ဆန်းဒါးလန်း နောက်ခံလူ ဘရောင်း ကိုယ့်ဂိုးကိုယ် သွင်းမိသွားသည်။ ဘရောင်း အနေနှင့် အသင်းဟောင်း၏ တိုက်စစ်ကို တားဆီး ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့ သော်လည်း ယခုဖြစ်ရပ်ကြောင့် စိတ်ပျက်စရာ ကြုံခဲ့ရသည်။ ဒုတိယပိုင်းတွင် မန်ယူတို့ နောက်တစ်ဂိုးရရန် ကြိုးစားခဲ့သော်လည်း တောင်ပံဖြတ်တင်ဘောများ မတိကျဘဲ အလဟဿ ဖြစ်နေခြင်းကြောင့် မအောင်မြင်ခဲ့ပေ။ ဒုတိယပိုင်း ပြီးခါနီးတွင် ဆန်းဒါးလန်း တိုက်စစ်မှူး ဘန်တနာ ဦးဆောင်သော ထိုးစစ်ကြောင်းက မန်ယူထံမှ (၁)မှတ်ရယူရန် အင်တိုက်အားတိုက် ကြိုးပမ်းလာခဲ့ သော်လည်း အီဗရာ၊ ဗီဒစ်တို့၏ ရှင်းထုတ် နိုင်မှုများကြောင့် မန်ယူအသင်းပင် အိမ်ကွင်းတွင် ရလဒ် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရရှိ သွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်