Share |
မိမိသည် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကစားပေးနိုင်ရန် အခွင့်အလမ်း ရှိနေဆဲဟု တွေးတော နေမိဆဲ ဖြစ်ကြောင်း ဒေးဗစ် ဘက်ဟမ်းက ဖွင့်ဟ ပြောကြားလိုက်သည်။
အသက် (၃၆)နှစ်ရှိ အင်္ဂလန် အသင်းခေါင်းဆောင် ဟောင်းသည် လက်ရွေးစင် အသင်းနှင့် ကင်းကွာနေပြီ ဖြစ်သော်လည်း အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လို၏ လူစာရင်းတွင် တစ်ကျော့ပြန် ပါဝင်ခွင့်ရရန် စိတ်ကူးယဉ် နေမိဆဲဟု ၀န်ခံခဲ့သည်။ လက်ရှိတွင်မူ ကာပယ်လိုသည် အင်္ဂလန်ကို တက်ကြွ ထက်သန်သော လူငယ် အင်အားစု တစ်ခုဖြင့် အသက်သွင်းရန် ကြံစည်လျက်ရှိသည်။ သို့သော်လည်း ဘက်ဟမ်းက “ကျွန်တော် ခုထိ ကောင်းကောင်း ကစားနိုင် သေးတာပဲ။ နောက်ပြီး ကျွန်တော် လက်ရွေးစင် ကစားသမား ဘ၀က အနားမယူ သေးဘူးလေ။ ကျွန်တော့် အင်္ဂလန် ကစားသမား ဘ၀ ပြီးသွားပြီလို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။
အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီတွင် ကစားနေသော ဘက်ဟမ်းက “တကယ်လို့ အင်္ဂလန်မှာ အဓိက ကစားသမား တစ်ယောက်ယောက် ဒဏ်ရာရတာ၊ မကစား နိုင်တာမျိုး ရှိခဲ့ရင် ကျွန်တော့်ကို လိုအပ်ချင် လိုအပ် လာပါလိမ့်မယ်။ နိုင်ငံအသင်း အတွက် ကိုယ်စားပြုဖို့ ကျွန်တော့် ဘက်ကတော့ အမြဲတမ်း အသင့် ရှိနေမှာပါ” ဟု ဘက်ဟမ်းက ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် နိုဝင်ဘာလတွင် ဂလက်စီမှ ထွက်ခွာဖွယ် ရှိနေပြီး ၎င်းကို ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းက ချိတ်ဆက်လျက် ရှိသည်။
Mirror နှင့် အင်တာဗျူးတွင် မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ် မက်ဒရစ်နှင့် အေစီမီလန် ကစားသမား ဟောင်းက “ကျွန်တော် အင်္ဂလန် အတွက် နောက်ထပ် ကစားပေး ချင်ပါတယ်။ အဲဒီလို ဖြစ်လာနိုင်တယ် လို့လည်း ယုံကြည် ထားပါတယ်” ဟု အခိုင်အမာ ပြောကြားသွားသည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်